နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများ ရာထူးတိုးခြင်း ကိစ္စ နှင့် စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည့် ကိစ္စအပေါ် အခြေခံ၍ Facebook လူမှုကွန်ရက် စာမျက်နှာတွင် အမျိုးသမီးများ ဂုဏ်သိက္ခာ ထိပါးစေသည့် အရေးအသားများနှင့် ကာတွန်းသရုပ်ဖော် ရေးဆွဲမှုများ မပြုလုပ်ကြရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းကြောင်း ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
ကော်မရှင်၏ ထုတ်ပြန်ချက်တွင် လူမှုကွန်ရက် စာမျက်နှာထက်တွင် အမျိုးသမီးများ ဂုဏ်သိက္ခာ ထိပါးစေသည့် အရေးအသားများနှင့် ကာတွန်းသရုပ်ဖော် ရေးဆွဲမှုများကို တွေ့မြင်နေရကြောင်း၊ ပြည်သူတို့အနေဖြင့် မွေးရာပါ လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သည့် ရေးသား ပြောဆိုမှု များ၊ သရုပ်ဖော်မှုများ မပြုလုပ်ကြရန် ပါဝင်သည်။
ထို့ပြင် မသင့်လျော်သော ရေးသားဖော်ပြမှုများနှင့် သရုပ်ဖော်ပုံများကို လူမှုကွန်ရက်တွင် မျှဝေခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ အဖွဲ့ဝင် နိုင်ငံ အဖြစ် အတည်ပြု ပါဝင် ချုပ်ဆိုထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၊ အပိုဒ်ခွဲ ဃ တွင်လည်း အမျိုးသမီးများအား ခွဲခြားသည့် မည်သည့်ပြုမှုမူ (သို့မဟုတ်) အမူအကျင့်တွင် မဆို ပါဝင်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရန်ဟု ပါရှိသည်။
You may also like these stories:
လိင်အမြတ်ထုတ်မှုနဲ့ ရဲရာထူးခန့်ချုပ် စစ်ဆေးခံနေရ
ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ