COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုဖြင့် အခမ်းအနားပြုလုပ်ခဲ့သည့် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ်စတူဒီယို)တို့အား သဘာဝ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင် ယနေ့မနက်ပိုင်းက စွဲချက်တင်လိုက်ပြီဖြစ်သည်။
အမှုနှင့် ပတ်သက်ပြီး ပြန်ခေါ်သက်သေများအား စစ်ဆေးရန် ဇူလိုင် ၇ ရက်နေ့အား ရုံးချိန်းပြန်လည်ချိန်းဆိုထား သည်။
စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည့် မရမ်းကုန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ညီ အကိုများ အသင်းတော်ဝန်းအတွင်းရှိ အခန်းတခုတွင် လူစုဖြင့် အင်တာနက်တွင် တိုက်ရိုက် (Live) လွှင့်ခြင်းများ အား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြင့် အခမ်းအနားများမလုပ်ရန် တား မြစ်ထားသည့် ဧပြီလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင် က တရားလိုပြု လုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အင်တာနက်တွင် တိုက်ရိုက်လွှင့်တင် ဟောပြောမှုအခမ်းအနားနှင့် ပတ်သက်ပြီး စောဒေးဗစ်လား၊ ဦးဝေထွန်း၊ တရားလိုပြသက်သေ အဆိုတော် မျိုးကြီးနှင့် ဇနီးဖြစ်သူတို့ကိုယ်တိုင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားခဲ့ပြီး အခမ်းအနား တက်ရောက်ခဲ့သူများနှင့် ဆက်စပ်၍လည်း ရောဂါကူးစက်ခံရသူ ၈၀ ဦးခန့်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးတင်ပြထားခဲ့သော်လည်း အဆိုတော်မျိုးကြီး၏ ဇနီးဖြစ်သူ မဇင်မာလွင်နှင့် အခြားသူတဦးအား သက်သေစာရင်းက ပယ်ဖျက်ခဲ့သည့်အတွက် စုစုပေါင်း တရားလိုပြ သက်သေ၁၂ ဦးအား စစ် ဆေးခဲ့သည်။
၎င်းတို့အား စွဲဆိုထားသည့် ၂၀၁၃ ခုနှစ် သဘာဝ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွင် “ မည်သူ မဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ ဆစွာ ဆောင်ရွက်မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာကျရောက်နိုင်သည်ကို သိလျှက်နှင့် တမင် ပြု လုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို ၃ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု ပြဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ယနေ့ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားသူ ၃၀၄ ဦးရှိပြီး ၎င်းတို့အနက် ပြန်လည်သက်သာကောင်းမွန်လာသူ ၂၂၂ ဦးရှိကာ သေဆုံးသူ ၆ ဦးရှိခဲ့သည်။
You may also like these stories:
စောဒေးဗစ်လားနှင့် သင်းအုပ်ဆရာ စောကွယ်ဝါး ကို အင်းစိန်ထောင်သို့ ပို့ဆောင်
လူစုလူဝေး ပွဲလမ်းသဘင်များ ရှောင်ရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး
စောဒေးဗစ်လား အမှုအား အမြန်ဆောင်ရွက်ရမည့် အမှုအဖြစ် သတ်မှတ်