ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ငတောက်တူချေ ရွာမှ နွားကျောင်းရင်း မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သူ ဦးမောင်ကျော်သန်း သည် ဒဏ်ရာပြင်းထန်သည့် အတွက် ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း သတင်းရသည်။
ဇူလိုင်လ ၈ ရက် မွန်းလွဲပိုင်းက အသက် ၆၆ နှစ်အရွယ် ဦးမောင်ကျော်သန်းမှာ ရွာအနီး လယ်ကွင်းပြင်တွင် နွားကျောင်း စဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
သားမက်ဖြစ်သူ ကိုလှစိန်ထွန်းက “မနေ့ နေ့လယ်ပိုင်းလောက်က ဖြစ်တာ။ ကျနော့် ယောက္ခမက အိမ်အနောက်ဘက်က လယ်ကွင်းမှာ နွား ကျောင်းနေတာ။ နွားတွေက မိုးရွာလို့ တပ်ရှိတဲ့ဘက် (ရွာအနီးက နယ်မြေခံတပ်ရင်း) ကို သွားကြတော့ အဲဒီဘက်ကို မသွားရအောင် နွားတွေကို သွားမောင်းပြီး အနီးက သစ်ပင်အောက်ကို ဝင်ခိုတဲ့အချိန် မိုင်းနင်းမိတာ” ဟု ဧရာဝတီသို့ ပြော သည်။
ထိုသို့ မိုင်းနင်းမိသည့် ဦးမောင်ကျော်သန်းတွင် ခြေထောက်နှစ်ဖက်၊ ဆီးအိမ်နှင့် မျက်နှာတို့တွင် ဒဏ်ရာများရရှိခဲ့ သဖြင့် ယမန်နေ့က ရသေ့တောင် ဆေးရုံမှတဆင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သည့် အတွက် ယနေ့ နံနက် ၄ နာရီ အချိန်၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် သေဆုံးသူ ဦးမောင်ကျော်သန်း၏ ရုပ်အလောင်းအား စစ်တွေ ဆေးရုံမှတဆင့် ရသေ့တောင်သို့ ယူ ဆောင်ကာ ယနေ့သဂြိုဟ်လိုက်ကြောင်းလည်း ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်နီးပါး ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်း ချီရှိကာ ဒေသခံ ပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူများမှာလည်း နေ့စဉ်နှင့်မျှ သေ ဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့် အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ
ရသေ့တောင်တွင် လက်နက်ကြီးကျ၍ ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာရ