မိုးလယ်ကာလများ ဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြစ်ရေကြီးမှုများကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
ဦးကျော်မိုးဦးက “တနှစ်ပတ်လုံး မိုးရေချိန်ရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရတဲ့ အနေအထားမျိုး ရှိတဲ့ အခါကျတော့ ဒီကာလ တွေမှာ များသောအားဖြင့် မိုးကြီးပြီး ရေကြီးမှု ဖြစ်စဉ်တွေ ဖြစ်တယ်။ အခု လက်ရှိမှာလည်း မြစ်ရေတွေက မြင့်တက်နေတဲ့ အနေအထားမျိုး ရှိတယ်။ ဒါကိုမှ ဆက်ပြီး မိုးများနေဦးမယ် ဆိုရင် မြစ်ရေတွေက စိုးရိမ်ရေ အမှတ်ကို ကျော်ပြီး ရောက်ရှိ နိုင်တဲ့ အနေအထားမျိုး ရှိတယ်” ဟု ဆိုသည်။
ထိုကဲ့သို့ မိုးအမြောက်အများ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်းအပြင် မြေပြိုမှု ဘေးအန္တရာယ်ကိုလည်း အထူးသတိပြုဖို့ လို အပ်ကြောင်း မိုး/ဇလ က သတိပေးထားသည်။
ထို့ကြောင့် မြစ်ကမ်းနံဘေး နေသူများ အနေဖြင့် မြစ်ရေကြီးပါက အလွယ်တကူ ရှောင်တိမ်းနိုင်ရန်အတွက် ပြင်ဆင်ရန်နှင့် တောင်ကုန်း၊ တောင်တန်းများတွင် နေထိုင်သူများ အနေဖြင့် မြေသားခိုင်မာမှုကို သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာန က သတိပေး ပြောဆိုလိုက်သည်။
ဆက်လက်ပြီး ဦးကျော်မိုးဦးက “မြောက်ပိုင်းမှာ မိုးများတဲ့အတွက်ကြောင့်မို့လို့ မြစ်တွေထဲမှာ ရေဝင်ရောက်မှုကတော့ ရှိ နေတယ်။ ၂၀၁၉ နဲ့ ယှဉ်မယ်ဆိုရင် ဒီနှစ်က မြစ်ရေ နည်းနည်း ပိုတယ်ပေါ့” ဟု ပြောသည်။
ဧရာဝတီမြစ်ရေသည် မန္တလေး၊ သပိတ်ကျင်း၊ စစ်ကိုင်းနှင့် မြင်းမူမြို့တို့မှအပ ကျန်မြို့များတွင် မြစ်ရေတိုးနေသော်လည်း စိုးရိမ်ရေမှတ်အောက်တွင်သာ တည်ရှိနေသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထား သည်။
ဧရာဝတီမြစ် အပြင် ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်နှင့် ရွှေကျင်မြစ်တို့သည် နှစ်စဉ်နှစ်တိုင်း ရေကြီးနေ ကျ မြစ်များ ဖြစ်သည့်အတွက် သတိပြုရမည့် မြစ်များအဖြစ် မိုး/ဇလ က သတိပေးသည်။
လာမည့် နှစ်ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပြီး နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် မန္တလေး တိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်းကြောင်း မိုး/ ဇလ က ထုတ်ပြန်ထားသည်။