၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းများအား ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာပေးမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ကြေညာလိုက်သည်။
မဲဆန္ဒရှင်စာရင်းအား ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး မိမိအမည်စာရင်းမပါဝင်ပါက ပုံစံ ၃ ဖြင့်ဖြည့်သွင်းကာ လျှောက်ထားခြင်း၊ မဲမပေးသင့်သူများ ပါဝင်နေပါက ပုံစံ ၄ ဖြင့် ကန့်ကွက်ခြင်း၊ မိမိအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ ဖြင့် ပြင်ဆင်ခြင်းတို့ကို မဲစာရင်းကြေညာထားစဉ် ပြုလုပ်နိုင်မည်ဖြစ်သည်။
ယင်းသို့ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်ပြီးနောက် နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် စာရင်းများအား အောက်တိုဘာလတွင် ထပ်မံကြေညာပေးမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိတို့အမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပြီး မဲစာရင်းမှန်ကန်မှုရှိစေရေး အိမ်ထောင်စုတခုလျှင် အနည်းဆုံးတဦး လာရောက်ကြည့်ရှုစစ်ဆေးပေးကြရန်လည်း ရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်သလား
ကျောင်းသားအဖွဲ့အစည်းများ ဒီမိုကရေစီနည်းကျ ဖွဲ့သည့်စနစ် ကျင့်သုံးရန် လွှတ်တော် အတည်ပြု