မန္တလေး ကန်တော်နဒီ ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့ လူနာအမှတ် ၃၃၈ ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်ကြောင်း မန္တလေး အထွေထွေ ရောဂါကုဆေးရုံ၏ COVID Coordinator ဒေါက်တာ ခင်ချစ်ဝင်းက ဧရာဝတီကို ပြောသည်။
“သူက ဖျားတာ ချောင်းဆိုးတာ ဘာမှမရှိဘူး။ ပြည်ပပြန် ကွာရန်တင်း ဝင်တဲ့သူ ဖြစ်တာမို့ ဓာတ်ခွဲ နမူနာ(Swab) ယူ တော့မှ Positive တွေ့တာ” ဟု ၎င်းက ရှင်းပြသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဇူလိုင် ၁၆ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်၌ ထိုင်းနိုင်ငံမှ ပြန်လာသော အသက်၂၄ နှစ်အရွယ် အမျိုးသား၏ COVID ဓာတ်ခွဲအဖြေတွင် ရောဂါပိုး တွေ့ရှိကြောင်းနှင့် ၎င်းသည် အမရပူရ မြို့ နယ် မန္တလာ ဒီဂရီကောလိပ်၌ အသွားအလာ ကန့်သတ်ခြင်း ခံထားသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသားသည် ပြင်ဦးလွင် မြို့နယ်မှ ဖြစ်ကာ လက်ရှိ မန္တလေး ကန်တော်နဒီ ဆေးရုံ၌ ဆေးကု သမှုခံယူလျက် ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်က အစိုးရ အစီအစဉ်ဖြင့် မြဝတီနယ်စပ်မှ မန္တလေးသို့ ကားဖြင့် ပြန်လည် ရောက်ရှိခဲ့သူ ဖြစ်သည်။
“ဒီကို ရောက်ရောက်ချင်း ကွာရန်တင်းဝင်တာ ဖြစ်တဲ့ အတွက် ထိတွေ့လိုက်တဲ့ Contact အများကြီး မရှိပါဘူး။ ဒါပေ မယ့် လုပ်ထုံးလုပ်နည်း အရတော့ သူနဲ့ ထိတွေ့ ဆက်သွယ်ခဲ့တဲ့သူတွေကိုတော့ လိုက်ပြီး လိုအပ်တဲ့ ကျန်းမာရေး စစ် ဆေးမှုတွေ ဆက်လုပ်သွားမှာပါ” ဟု ဒေါက်တာ ခင်ချစ်ဝင်းက ပြောသည်။
ထို့ပြင် မန္တလေးတိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ပိုးတွေ့လူနာ အမျိုးသားနှင့်အတူ ကားတစီးတည်း စီးလာသူ ၈ ဦး၏ ဓာတ်ခွဲနမူနာ ရယူထားကာ၊ လက်ရှိတွင် ၎င်းတို့သည်လည်း သတ်မှတ်နေရာများ၌ ကွာရန်တင်း ဝင်နေကြ ကြောင်း သိရသည်။
ယခု ပိုးတွေ့လူနာသည် မန္တလေးမြို့တွင် တွေ့ရှိသည့် ၄ ဦးမြောက် ရောဂါအတည်ပြု လူနာဖြစ်ပြီး ယခင်က ပိုးတွေ့ လူ နာ ၃ ဦး သည်လည်း အသီးသီး ရောဂါပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ရာ မေလ ၁၃ ရက် နောက်ပိုင်း မှ စတင်၍ မန္တလေးတွင် ကိုဗစ်ပိုးတွေ့လူနာ လုံးဝမရှိတော့ဘဲ ၂ လကျော်အကြာ၌ ပိုးတွေ့လူနာ အသစ် ထပ်မံ တွေ့ ရှိခြင်း ဖြစ်သည်။
ဇူလိုင် ၁၇ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၃၃၉ ဦး ရှိ၍ သေဆုံးသူ ၆ ဦး ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကိုင်းက ပထမဆုံး ပိုးတွေ့လူနာ ကျန်းမာရေး အခြေအနေကောင်းဟု ဆို
ဆေးရုံဆင်းခွင့်ပြုထားသည့် Covid-19 လူနာကို Facility Quarantine ဖြင့် စောင့်ကြည့်