မြန်မာ့ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားနေ ကြကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
၎င်းက “သူတို့က မြန်မာနိုင်ငံမှာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို ရှေ့ဆက်ပြီးတော့ တိုးလုပ်မှာတွေရယ်၊ အခွန်နဲ့ ပတ်သက်ပြီး သူတို့ သိလိုတာတွေရယ်၊ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေရယ်၊ စွမ်းအင်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို မေးမြန်းကြပါတယ်။ ထူးထူးဆန်းဆန်းတော့ ရှိတယ်။ စွမ်းအင်ဈေးတွေက ကျနေတော့လေ တော်တော်များများက စိတ်မဝင်စားကြတာ။ ဒါလေး တွေကို သူတို့က စိတ်ဝင်စားတယ်” ဟု ပြောပြသည်။
အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ရှေ့ဆက်ပြီး လုပ်ငန်းများ ဆက်လက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင် စားမှုများ ရှိနေကြောင်း ဒေါက်တာ မောင်မောင်လေးက ထပ်လောင်း ပြောဆိုသည်။
ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်၌ ဇူလိုင်လ ၂၇ ရက်က မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများနှင့် အမေ ရိကန်-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများ ဆွေးနွေးခြင်းကို အမေရိကန် အ ခြေစိုက် US-ASEAN Business Council မှ Senior Vice President and Regional Managing Director ဖြစ်သူ Mr. Michael W.Michalak ဦးဆောင်သော စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံအခြေစိုက် အမေရိကန်ကုမ္ပဏီ ၁၀ခု မှ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်ကြသော Bower Group Asia၊ Chevron၊ Chubb၊ Coca-Cola၊ ExxonMobil၊ Google၊ Pernod Ricard၊ Scoular နှင့် Visa တို့မှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပြီး ကိုဗစ်ကပ်ရောဂါ ကာလအလွန် စီးပွားရေး အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်ပြီး နှစ်ဖက် လုပ်ငန်းရှင်များကြား ဆွေးနွေးခဲ့ကြောင်း UMFCCI က ထုတ်ပြန်ထားသည်။
ကိုဗစ်ကြောင့် ထိခိုက်မှုများသော စီးပွားရေး ကဏ္ဍများဖြစ်သည့် လုပ်ငန်းကဏ္ဍများနှင့် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ အခြေခံ အဆောက်အအုံကဏ္ဍနှင့် လူ့စွမ်းအား အရင်းအမြစ် ကဏ္ဍ စသည် ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက် ရေး အတွက် ပံ့ပိုးကူညီ ပေးမည့် အစီစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း Mr.Michael W.Michalak နှင့် တက်ရောက်လာသည့် အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်အခြေစိုက် ကုမ္ပဏီ၂၀ ကျော်က ၁၉၈၈-၁၉၈၉ ခုနှစ်မှ စ၍ ၂၀၁၉ ခုနှစ်အထိ အမေ ရိကန်ဒေါ်လာ ၅၃၁ ဒသမ ၁၃၆ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန (DICA) စာရင်းများ အရ သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံပေါင်း ၅၀ ထဲမှ အမေရိကန်နိုင်ငံသည် အဆင့် ၁၃ နေရာတွင်ရှိပြီး စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများ၌ အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည်။
သို့သော် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိသေးကြောင်း DICA မှ ညွှန်ကြားရေးမှူး တဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ယခုနှစ်ပိုင်းတွင် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် အမေရိကန်နိုင်ငံမှ လုပ်ငန်းရှင်များက မေးမြန်းမှုများ ရှိသော်လည်း အမှန်တကယ် ဝင်ရောက်မှု နည်းနေခြင်းက ကိုဗစ်ကြောင့် တကမာ္ဘလုံးတွင် စီးပွားရေး ထိခိုက်မှု ရှိခြင်း၊ ရေနံဈေးနှုန်းများ ကျဆင်းခြင်း၊ ငွေရေးကြေးရေးကဏ္ဍတွင်လည်း အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံတိုင်းလိုလိုက ခက်ခဲနေခြင်း စသည့် အခြေအနေများကြောင့်လည်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မလာကြခြင်း ဖြစ်ကြောင်း ကမာ္ဘ့ဘဏ် စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က သုံးသပ် ပြောဆိုသည်။
၎င်းက “ကျနော်တို့ နိုင်ငံကတော့ သဘာဝစွမ်းအင် အရင်းအမြစ်တွေ ကြွယ်ဝတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကြွယ်ဝတဲ့ သဘာဝ အရင်းအမြစ်တွေကို လျှပ်စစ်အနေနဲ့ သုံးဖို့ ဆိုရင် သဘာဝအတိုင်း သုံးလို့ မရဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်။ အဲဒီလို လုပ်ရင် သူက ရင်းနှီးမြှုပ်နှံမှုက ပမာဏ ကြီးမားတယ်သဘာဝဓာတ်ငွေ့လိုဟာမျိုးဆိုရင် Risk တွေ စိန်ခေါ်မှုတွေ များတယ်” ဟု ပြောသည်။
အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားသည့်အတွက် ငွေရေးကြေးရေး လိုအပ်ခြင်း၊ နည်းပညာလိုအပ်ချက် ကြီးမားခြင်း စသည့် အခြေအနေများကြောင့် နိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် မြန်မာနိုင်ငံအနေနှင့် စွမ်းအင်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာနိုင်ငံ ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် Video Conferencing စနစ်ဖြင့် ဇူလိုင်လ ၂၈ ရက်က တွေ့ဆုံ ပြောကြားထားသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကျသည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စွမ်းအင်ကဏ္ဍ၏ အခြေခံ အဆောက်အအုံများကို တိုးချဲ့ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အထူးစိတ်ဝင်စားမှုများ ရှိနေ သည်ကို သိရသဖြင့် ကြိုဆိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည် ပြောကြားခဲ့သည်။
You may also like these stories:
မြန်မာနိုင်ငံ၌ အမေရိကန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ရှိနေ
စီးပွားရေး အသွင်ကူးပြောင်းရေးမူဝါဒများ ပြန်လည်ရေးဆွဲရန် လိုအပ်ဟု ဆို