ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ဦးမိုးလေးတာမှာ ဧရာဝတီမြစ် ရေတိုက်စား၍ တဖြည်းဖြည်းပြိုကျသဖြင့် အိပ်ပျက်ကျေးရွာအုပ်စုအတွင်းမှ နေအိမ် ၈၀ ကျော်မှာ အရေးပေါ်ဖျက်သိမ်းပြောင်းရွှေ့ နေရသည်။
ဒေသခံများ အဆိုအရ အိပ်ပျက်ကျေးရွာအုပ်စု အတွင်းရှိ ဖောင်ဆိပ်ကျေးရွာတွင် လူနေအိမ် ၆၄ လုံး၊ ငှက်ပျောတောကျေးရွာတွင် လူနေအိမ် ၁၉ လုံးနှင့်တာငုတ်ကျေးရွာတွင် လူနေအိမ် ၅ လုံး အသီးသီးရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
အိပ်ပျက်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးမြင့်ကြွယ်က”ရေကာတာအဟောင်းက ကမ်းစားတော့ ပြိုကျနေတယ်။ အဲတော့ တာအဟောင်းနဲ့ တာအသစ်ကြားကအိမ်တွေ ရွေ့နေရတာ။ စုစုပေါင်း နေအိမ် ၈၈ လုံး အရေးပေါ်ရွှေ့ခဲ့ရတယ်။ လက်ရှိမှာလည်း နေအိမ်တချို့ ထပ်ဖျက်ပြီး ရွှေ့နေရတုန်းပဲ”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဦးမိုးလေးတာ အမည်ရှိ ရေကာတာအဟောင်း အနီးသို့ ကမ်းပြိုကမ်းစားမှုများ တဖြည်းဖြည်း နီးကပ်လာသည့် အတွက် ဆည်မြောင်းဦးစီးဌာနက ဧရာဝတီ မြစ်ရေတိုက်စားခြင်းကို ကာကွယ်ရန် ပေ ၃ဝဝဝ ကျော်ရှည်လျားသည့် အိပ်ပျက်ရေကာတာအသစ်တစ်ခုကို ၂၀၂၀ နှစ်ဆန်းပိုင်းကာလတွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဆည်မြောင်းဌာနအနေဖြင့် တာအသစ်တည်ဆောက်ခဲ့သလို တာအဟောင်းကိုလည်း ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်ခဲ့ သော်လည်း ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ကာ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများဖြစ်ပွားသည့်အတွက် ဦးမိုးလေးတာ မှာ ဧရာဝတီမြစ်အတွင်း တဖြည်းဖြည်းပြိုကျခဲ့ပြီး တာ ၂ ခုအကြားရှိ နေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့နေရခြင်း ဖြစ်သည်။
ဟင်္သာတမြို့ခံ ကိုအောင်မျိုးသန့်က“ဦးမိုးလေးတာနဲ့ ဒီနှစ်မှ အသစ်ဆောက်တဲ့ အိပ်ပျက်တာ အသစ်နဲ့က ပေ ၁၀၀၀ လောက်ပဲဝေးတယ်။ လက်ရှိ ကမ်းပြိုပုံမျိုးနဲ့ဆိုရင် ဒီရက်ပိုင်းအတွင်း ဦးမိုးလေးတာ ကျိုးသွားမလား စိုးရိမ်နေကြတယ်။ အဲဒါကြောင့်လည်း အိမ်တွေကို မိုးထဲရေထဲမှာ အမြန်ဖျက်ပြီး ရွှေ့နေကြတာ။ အိမ်တွေ ဖျက်ပေမယ့် ဘယ်နေရာ ပြန် ဆောက်ရမှန်း မသိသေးဘူး။ တာကျိုးပြီး ရုတ်တရက် ရေတွေဝင်လာရင် ပစ္စည်းတွေ ပါကုန်မှာစိုးလို့ ဖျက်ယူနေကြ ရတာ”ဟု ပြောသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနအနေဖြင့် ဇူလိုင်လ နောက်ဆုံးပတ်တွင်း ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိပ်ပျက်ကျေးရွာအုပ်စုမှ မိသားစု ၄၅ စုအတွက် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ရိက္ခာနှင့် နေအိမ် ၄၅ လုံးအတွက် နေအိမ်တစ်လုံးလျှင် ၁ သိန်းကျပ်နှုန်း ထောက်ပံ့မှုပေးအပ်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက“အိပ်ပျက် ကျေးရွာ အုပ်စုမှာ ကမ်းပြိုမှုကြောင့် နေအိမ်တွေဖျက်သိမ်းပြောင်းရွှေ့ရပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က နေအိမ် ၁၇ လုံးနဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ နေအိမ် ၂၈ လုံးကို ဌာနရဲ့ထောက်ပံ့မှုတွေ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာလည်း အိမ်တွေထပ်မံ ဖျက်သိမ်းရွှေ့ပြောင်းနေရတာကို စာရင်းကောက်ယူနေပါတယ်။ စာရင်းရတာနဲ့ ကျနော်တို့ အမြန်ဆုံးကူညီဖို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။
ဧရာဝတီမြစ် ရေကြောင်းပြောင်းလဲခြင်းနှင့် တရားမဝင် မြစ်ကျောက်စုပ်ယူခြင်းများကြောင့် ဟင်္သာတခရိုင် အတွင်းရှိ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့တွင် နှစ်စဉ် ကမ်းပြိုမှုများဖြစ်ပွားနေပြီး လူနေအိမ်များ၊ စာသင် ကျောင်းများ၊ ကျေးရွာများနှင့် ဒေသခံတို့ စိုက်ပျိုးလုပ်ကိုင် နေသော လယ်ယာကိုင်းမြေ ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပွားနေ ကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
ဧရာဝတီမြစ်ရေတက်၊ လူ၂၅၀၀၀ ကျော် ရေဘေးသင့်
ရေဆိုးစက်ရုံ စီမံကိန်းကြောင့် တာဘောင်ကျိုးရခြင်းဟု တရုတ်ကုမ္ပဏီ ဝန်ခံ
မန္တလေး အမရပူရ တာဘောင်ကျိုးသည့်နေရာ ပြန်ပိတ်လိုက်နိုင်ပြီ