ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိ ဘူတာနှင့် ပိန်းဇလုပ်ဘူတာ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရထားသံလမ်း ရေကျော်တိုက်စားမှု ဖြစ်နေသဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ခရီးစဉ်များကို ယာယီ ပိတ်သိမ်း ထားရကြောင်း မြန်မာ့မီးရထား တိုင်း ၇ သွားလာ ပို့ဆောင်ရေး ဌာနမှ သိရသည်။
“မနေ့က မနက်ပိုင်း ၈ နာရီနဲ့ ၁၁ မိနစ်လောက်မှာ စပြီးပိတ်သွားတာ။ ကျနော်တို့ တော်ဝိနဲ့ ပ်ိန်းဇလုပ်ကြားပေါ့။ ပထမ တော့ ရထား ထွက်ဖို့ စီစဉ်သေးတယ်။ ဒါပေမယ့် ရေကပိုများပြီး လမ်းကလည်း အပျက်အစီး များလာလို့ မနေ့ ညနေက ထွက်မယ့် ရထား ၂ စီး ဖျက်သိမ်းလိုက်ရတယ်”ဟု အဆိုပါဌာနမှ တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။
ယခင်က အဆိုပါလမ်းပိုင်းတွင် ရေကျော် တိုက်စားမှု မရှိခဲ့ဖူးကြောင်း၊ လမ်းပိုင်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်မှ တာဝန်ရှိသူများနှင့် အမှတ် ၆ တိုင်းမှ တာဝန်ရှိသူများက ရထားလမ်း အား စစ်ဆေးဆောင်ရွက် ပြုပြင်နေပြီး ပြန်ဖွင့်မည့် ရက်ကို လောလောဆယ် မပြောနိုင်သေးကြောင်း သိရသည်။
အဆိုပါ ရထား ခရီးစဉ်တွင် လိုက်ပါ စီးနင်းမည့် ခရီးသည် ၇၀၀ အတွက် လက်မှတ်ခများကို ပြန်အမ်း ပေးမည် ဖြစ်ပြီး လက်မှတ်ခမှာ ရန်ကုန်မှ မန္တလေး အထိ ခရီးသည် တဦးလျှင် ရိုးရိုးတန်း ၄၈၀၀ ကျပ်နှင့် အထူးတန်း လက်မှတ် ၁ စောင်လျှင် ၉၃၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
လိူင်သာယာမြို့နယ်နေ ရထားစီး ခရီးသည် မမိမိလေးက “မန္တလေးကနေ ရန်ကုန်ကို ပြန်တာ ဒီလိုမိုးတွင်းပဲ ပဲခူးမှာ ရထားလမ်း ရေကျော်လို့ ဆိုပြီး တည အိပ်ရဖူးတယ်။
နောက်ပြီး တခါက ညဘက်ကြီး ရထား ပြောင်းစီး ရတာမျိုး လည်း ဖြစ်ခဲ့ဖူးတယ်။ သာစည်ဘူတာရုံနားမှာလည်း ရထား လမ်းရေကျော်တာ ခဏခဏဖြစ်တယ်။ ရထားပေါ် အကြာကြီး စောင့် စီးရတာ တကြိမ် နှစ်ကြိမ် မကတော့ နောက်ဆို စိတ်ညစ်လို့ မိုးတွင်းဘက်ဆို ဘတ်(စ်) ကားတွေ ပဲ စီးဖြစ်တယ်”ဟု ပြော ပြသည်။
ထို့ကြောင့် မြန်မာ့မီးရထား တာဝန်ရှိသူများ အနေနှင့် နောက်ပိုင်းတွင် မီးရထား လမ်းပိုင်းများကို ပိုမိုကောင်းမွန်စေရန် စနစ်တကျ ပြုပြင်သင့်ပြီး ယခုလို သဘာဝဘေး အန္တရာယ်များကြောင့် ရထားလမ်း ရေကျော်ခြင်းများ မဖြစ်ပွားစေရန် အတွက်လည်း တတ်ကျွမ်းသော ပညာရှင်များနှင့် တွက်ချက် စစ်ဆေးပြီး ရေရှည်အသုံးပြုနိုင်အောင် လုပ်ဆောင်သင့် ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ရေကြီး နစ်မြုပ်မှုများကြောင့် ရန်ကုန်-မော်လမြိုင်နှင့် နေပြည်တော်-မော်လမြိုင် လမ်းပိုင်း များ ပြေးဆွဲမှု ၁ လနီးပါး ရပ်နားခဲ့ရသဖြင့် မြန်မာ့မီးရထားမှ ဝင်ငွေ ကျပ် သိန်းပေါင်း ၁၃၀၀ ကျော် ဆုံးရူံးမှုများ ရှိခဲ့ကြောင်း မြန်မာ့မီးရထားက သိရသည်။
You may also like these stories:
မြစ်ရေမြင့်တက်မှု မြို့လေး မြို့ ရေဘေး သတိထားရန် မိုးဇလ သတိပေး
ဟင်္သာတတွင် တာကျိုးပေါက်သဖြင့် လူနေအိမ် ၅၀ ကျော် ရေနစ်မြုပ်