သတင်းတို

KTV နှင့် နိုက်ကလပ်၊ ဘားများ ဖွင့်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

ကိုဗစ်ရောဂါ ကူးစက်ရန်လွယ်သည့် နေရာများ ဖြစ်သည့် KTV နှင့် နိုက်ကလပ်၊ Bar များကို ဖွင့်ခွင့်မပြုသေးကြောင်း COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်လိုက် သည်။

သြဂုတ်လ ၁၂ ရက် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တနိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးက ယင်းစာအရ တိုင်းအတွင်းရှိ ခရိုင်များကို ထပ်မံ၍ သြဂုတ်လ ၁၅ ရက် တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း COVID 19 တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက “စား သောက်ဆိုင်တွေနဲ့ တွဲဖွင့်တဲ့ ဘားတွေ၊ KTV ၊ နိုက်ကလပ်တွေကို ဖွင့်ခွင့်မပေးဘူး။ ရန်ကုန်တိုင်း အစိုးရကနေ တဆင့် ခရိုင်တွေကို အသိပေးစာ ထုတ်လိုက်ပြီး လိုက်နာ ဆောင်ရွက်သွားဖို့နဲ့ ဖွင့်လှစ်ထားတာ တွေ့ရှိရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူဖို့ ညွှန်ကြားထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် စာထုတ်ပြန်ထားပြီး ဖြစ်သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘား၊ KTVနှင့် နိုက်ကလပ်များ ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိကို လိုက်လံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအတွင်း၌ အရေးယူမှုများ မရှိသေးသော်လည်း ရန်ကုန်တွင် ဟိုတယ်များနှင့် သီး ခြားနေရာများ၌ ဘား၊ KTV များနှင့် နိုက်ကလပ်များ ဖွင့်လှစ်မှုများ ရှိနေကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်း ဒေသကြီးအတွင်း၌လည်း လူစုလူဝေး ဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/တရားစခန်း၊ ဘုရားပွဲ၊ မင်္ဂလာဧည့်ခံပွဲ၊ ရှင်ပြုရ ဟန်းခံ၊ အခြားပွဲလမ်းသဘင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တ ပိတ်ထားရန်နှင့် ပိတ်သိမ်းခြင်း မပြု ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း တိုင်းအစိုးရက သြဂုတ်လ ၁၇ ရက် ထုတ်ပြန်ထားသည်။

COVID 19 နှင့်ပတ်သက်၍ ပြန်လည် ဖြေလျှော့ပေးထားသည့် လူစုလူဝေးကို ၃၀ ဦးထိ ခွင့်ပြုပေးခြင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို Social Distancing နှင့်အညီ ဖွင့်လှစ်စေခြင်း၊ အဝေးပြေးယာဉ်လိုင်းများ ညွှန်ကြားချက်များနှင့် အညီ ပြေးဆွဲခွင့်ပြုခြင်း အစရှိသည့် ကိစ္စများမှလွဲ၍ ကိုဗစ်နှင့် ပတ်သက်သော ညွှန်ကြားချက်၊ အမိန့်ထုတ်ပြန်ချက်များကို သြဂုတ်လကုန်အထိ သက်တမ်း တိုးမြှင့်ထားသည်။

ယခု သြဂုတ်လ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူပေါင်း ၃၉၆ ဦး ရှိနေသည်။

You may also like these stories:

စစ်တွေ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၅၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေ

စစ်တွေပိုးတွေသူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်

Loading