မန္တလေးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ယနေ့မှစ၍ ယာယီ ရပ်နား လိုက်ကြောင်း မန္တလေးတိုင်း အဝေးပြေးခရီးသည်တင်ယာဉ် လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီက သတင်း ရရှိသည်။
အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက “ကော်မတီက ရပ်နားခိုင်းတာမဟုတ်ပေမယ့် ယာဉ်လိုင်းတွေ ကိုယ်တိုင် က ပြည်တွင်းရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စေတနာနဲ့ ပြေးဆွဲမှု ယာယီရပ်နားမယ်ဆိုပြီး စာတင်လာကြတာပါ” ဟု ဧရာ ဝတီကို ပြောသည်။
မန္တလေး အခြေစိုက်၍ စစ်တွေမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်း ၉ လိုင်း ရှိသည့်အနက်၂ လိုင်းမှာ မြန်မာ နိုင်ငံတွင် COVID -19 ရောဂါ စတင် ဖြစ်ပွားစဉ်ကတည်းက ယာဉ်လိုင်းပြေးဆွဲမှု ရပ်နားထားခဲ့ပြီး ကျန် ၇ လိုင်းမှာ ယနေ့မှ စတင်၍ ပြေးဆွဲမှု ယာယီရပ်နားရန် အထက်ပါ လုပ်ငန်းကော်မတီသို့ စာတင်ခဲ့သည့်အတွက် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က “စစ်တွေမှာ ပြည်တွင်း ကူးစက်မှုတွေ ပိုတွေ့လာပါတယ်။ အပြင်ထွက်တဲ့သူ ၅ ရာခိုင်နှုန်းလာက်ပဲ Mask ဝတ်တာတွေ့ရလို့ ကူးစက်ပြန့်ပွားမှု အရမ်းမြန်နိုင်တဲ့ အခြေအနေပါ။ စစ်တွေက မန္တလေးနဲ့ ဝေး တယ်လို့ မတွေးစေချင်ပါ။ ယာဉ်လိုင်းတွေကနေ တနေ့ ခရီးသည် ၈၀ ကျော် ဝင်ရောက်နေတာပါ။ စစ်တွေဘက်က လာ သူတွေ Quarantine လုပ်နေသလို ယာဉ်လိုင်းတွေ ပိတ်သွားပေမယ့် ရောက်နှင့်နေတဲ့ ရောဂါရှိနေသူ ဘယ်နှယောက် လောက် ရှိမယ်ဆိုတာ မပြောနိုင်ပါ” ဟု သူ၏ Facebook page တွင် သတိပေးထားသည်။
ထို့ပြင် ကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်သန္ဓေပြောင်းပိုးကို တွေ့လာသည့်အတွက် ပြည်သူများအနေဖြင့် သတိထားရန် ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းက သတိပေးထားကြောင်းနှင့် ပြည်သူများ အပြင်ထွက်ပါက Mask တပ်ရန်၊ လူစုလူဝေးကို ရှောင်ရန်တို့ကိုလည်း ၎င်းက သတိပေးထားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြင်ပခရီးသွား ရာဇဝင် မရှိဘဲ ရောဂါပိုးတွေ့ လူနာတဦးကို ယခုတပတ်မှ စတင် တွေ့ရှိခဲ့ပြီး နောက် ယနေ့မနက်ပိုင်းအထိ စစ်တွေမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
COVID 19 ရောဂါ ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ည ၈ နာရီမှ စတင်၍ စစ်တွေမြို့တွင် နေထိုင်သူများအား မိမိနေအိမ် တွင်သာ နေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်လိုက်ပြီး တာဝန်မှအပ မလိုအပ်ဘဲ ရပ်ရွာပြင်ပ မထွက်ရန်၊ ရပ် ရွာအတွင်းသို့ ဝင်/ထွက်ခွင့် မပြုရန်နှင့် မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူမည် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့ည ၈ နာရီက ထုတ်ပြန်ကြေညာထားသည်။
You may also like these stories:
ပိုးတွေ့သူများထဲ စစ်တွေဆေးရုံမှ ဆရာဝန်ကြီး ၁ ဦးပါဝင်
စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်
KTV နှင့် နိုက်ကလပ်၊ ဘားများ ဖွင့်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်