နှစ်နိုင်ငံနယ်နိမိတ်အနီး မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကြီးကို ခေါ်ယူ သတိထောက်လွှာပေးအပ်ခဲ့မှုအပေါ် မြန်မာကလည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ နယ်စပ် လုံခြုံ ရေးနှင့် ပတ်သက်ပြီး ယမန်နေ့က သတိထောက်လွှာပေးအပ်လိုက်သည်။
ပြီးခဲ့သည် စက်တင်ဘာ ၁၃ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး နှစ်နိုင်ငံနယ်နိမိတ်အနီး မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြောကြားမှုနှင့် သတိထောက်လွှာ ပေးအပ်ခဲ့မှု အပေါ် တုံ့ပြန်ရှင်းလင်းကြောင်း မြန်မာနိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား ခေါ်ယူ သတိထောက်လွှာပေးအပ်ရာတွင် မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမှာ ပုံမှန်သာဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိ အခြေအနေများအရ တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ်ရှိ ဒေသခံ အသိုက်အဝန်း အားလုံး၏ လူမှုဘ၀ လုံခြံမှုရှိရေး ကာကွယ်ရန် ပုံမှန်လှုပ်ရှားမှုသာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အပေါ် ခြိမ်းခြောက်မှု မဟုတ်ကြောင်း သတိထောက်လွှာတွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာအနေဖြင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ထူထောင် ထားသည့် နယ်ခြားဆက်ဆံရေးရုံး အချင်းချင်း ဆက်သွယ်ဆောင်ရွက်သည့် ယန္တရားမှတစ်ဆင့် ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားရန် အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာတပ်မတော်အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အင်အားတိုးမြှင့်ချထားခြင်းမှာ AAနှင့် အကြမ်းဖက်အဖွဲ့ ARSA တို့ ထိုဒေသတွင် လှုပ်ရှားမှုများ ပြုလုပ်လာသဖြင့် ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
You may also like these stories:
AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား