COVID – 19 ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် လိုအပ်ချက်များအတွက် ငွေကျပ်ဘီလီယံ ၁၀၀၀ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
စက်တင်ဘာလ ၂၁ ရက်က ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်းပြီး အများပြည်သူသို့ အစီ ရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ လည်း ဖြစ်သူ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အထွေထွေ ပိုလျှံငွေ ကျပ်ဘီလီယံ ၁၀၀၀ ကျော်ကို သဘာဝဘေး အန္တရာယ်အတွက် သတ်မှတ်လိုက်ပြီး ကိုဗစ်ရောဂါနှင့် ပတ်သက်သည့် ကိစ္စရပ်များ အသုံးပြုသွားမည်ဖြစ်ကာ အခြား သဘာဝ ဘေးအန္တရာယ်များ အတွက်လည်း ထိုရန်ပုံငွေထဲတွင် သီးခြားရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
၎င်းက “စီးပွားရေး အတိုးတက်ဆုံး နိုင်ငံတွေ၊ စီးပွားရေး အကောင်းဆုံး နိုင်ငံတွေမှာတောင်မှ ကိုဗစ်ရောဂါကြောင့် စီးပွား ရေး ထိခိုက်မှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီဟာတွေဟာ ကျမတို့ ပြည်သူတွေအပေါ်မှာ အနည်းဆုံး ထိခိုက်မှု ရှိ အောင် ဆိုပြီးတော့ ကျမတို့ ပြင်ဆင်ထားပါတယ်။ ဥပမာအားဖြင့် ဆိုရင် ကျမတို့အနေနဲ့ အထွေထွေ ပိုလျှံငွေပေါ့ ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်သည့် အခြေအနေ၊ ကုသဆေး ထုတ်လုပ်နိုင်သည့် အခြေ အနေ မရှိသော်လည်း ကာကွယ်ဆေး ပေါ်လာပါက အချိန်နှင့် တပြေးညီ မြန်မာနိုင်ငံသို့ ရောက်ရှိစေရန် ယခုအချိန်က တည်းက စီစဉ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ကျမ ပြောပြတာက ပြည်သူလူထုအတွက် ကျွန်မတို့ တတ်နိုင်သမျှ အားလုံး ပြင်ဆင်ထား ပါတယ်ဆိုတာ သိစေချင်လို့ပါ။ စိုးရိမ် မလွန်စေချင်လို့ပါ
၎င်းက ဆက်လက်၍ “ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ကနေ ဒီလို ဆေးထုတ်နေတဲ့ နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျမတို့ အနေနဲ့ မြန်မြန်ရဖို့ အလားအလာ ရှိသလဲ။ အကယ်၍ ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့် မသုံးသင့်ဆိုတာ ကမ္ဘာ့ ကျန်းမာရေး ဌာနက ကြည့်ပြီး စမ်းသပ်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျမတို့လည်း မသေချောဘဲနဲ့ ပြည်သူတွေ အပေါ်မှာ ဒီဆေးတွေ မသုံးပါဘူး” ဟုလည်း ပြောကြားသည်။
မြန်မာနိုင်ငံ အနှံ့အပြား၌ ကိုဗစ်ပိုး ကူးစက်ခံရသည့် လူနာ တွေ့ရှိမှု မြင့်တက်လာနေသည့်အတွက် ကျန်းမာရေးနှင့် အား ကစားဝန်ကြီး ဌာနမှ ဆေးရုံများ လုံလုံလောက်လောက် ရှိစေရန် ဆောင်ရွက်နေပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရများ ပူးပေါင်းပြီး Quarantine စင်တာများ လုံလောက်မှု ရှိစေရန်လည်း လုပ်ဆောင်ထားကာ ထိုကိစ္စရပ်များအတွက် လိုအပ်လာမည့် ဘဏ္ဍာငွေ လုံလောက်စေရန် အစိုးရက စီမံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းပြင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးနိုင်ရန် ကျန်းမားရေး ဝန်ကြီး ဟောင်း ပါမောက္ခ ဒေါက်တာ ကျော်မြင့် ဦးဆောင်မည့် အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမ ပြောပြတာက ပြည်သူလူထုအတွက် ကျွန်မတို့ တတ်နိုင်သမျှ အားလုံး ပြင်ဆင်ထား ပါတယ်ဆိုတာ သိစေချင်လို့ပါ။ စိုးရိမ် မလွန်စေချင်လို့ပါ” ဟု ပြောသည်။
ထို့ပြင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးပြုရန် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလီယံ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ၊ အသေးစား ချေး ငွေ လုပ်ငန်းများသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံနှင့် ကော်မတီက တာဝန်ယူဆောင်ရွက်သည့် COVID-19 Fund မှ ထုတ်ချေး ငွေကျပ်၂၀၀ ဘီလီယံ၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေ ကျပ် ၆၀၀ ဘီလီယံ တို့ကို အပါအဝင် ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ လျာထားသတ်မှတ်ကာ ထောက်ပံ့ပေးလျက် ရှိကြောင်း ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။
You may also like these stories:
နေပြည်တော်တွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုအထိ ရှိလာ
ကိုဗစ်ကို ထိန်းချုပ်ဖို့ အင်အားအပြည့်ရှိဟု ရန်ကုန်တာဝန်ရှိသူများပြော
ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းစဉ်တွေဟာ အမျိုးသားရေးကိစ္စဖြစ်လို့ ပူးပေါင်းဆောင်ရွက်မယ်