ရန်ကုန်မြို့၌ Stay at Home အမိန့်ညွှန်ကြားချက်ကြောင့် စီးနင်းသူဦးရေ လျော့ကျလာသဖြင့် ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲခြင်းကို ရထားတွဲ ၆ ဆိုင်းနှင့် ပြေးဆွဲလျက်ရှိရာမှ ရထားတွဲ တွဲဆိုင်း ၃ ဆိုင်း ထပ်မံ လျှော့ချ ပြေးဆွဲမည် ဖြစ် ကြောင်း မြန်မာ့ မီးရထားက သိရသည်။
မြန်မာ့မီးရထား တိုင်း ၇ မန်နေဂျာ ဦးဇော်လွင်က “ကျနော်တို့က လှော်ကားဘက်ကို ၁ ဆိုင်း၊ မင်္ဂလာဒုံဘက် ၁ ဆိုင်းနဲ့ ရွာ သာကြီးဘက်ကို ၁ ဆိုင်း အဲဒါပဲ ပြေးတော့မှာ။ မနက် ၁ ခေါက် ည ၁ ခေါက်ပေါ့။ အရင်က လမ်းပိုင်း ၁ ခုကို တွဲဆိုင်း ၂ ဆိုင်းနဲ့ ပြေးနေတာ။ အခုကတော့ ၁ ဆိုင်းစီပဲ ပြေးဆွဲတော့မယ်။ အကုန် မထွက်ရဘူးဆိုတော့ စီးမယ့် ခရီးသည်ကလည်း သိပ်မရှိဘူး။ ဒါကြောင့် ၃ ဆိုင်း လျှော့ချလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နေ့စဉ် ရုံးချိန်ရထားများ လျှော့ချပြေးဆွဲခြင်းကို စက်တင်ဘာလ ၂၉ ရက်တွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ မည်သည့်အချိန်ထိ လျှော့ချပြေးဆွဲသွားမည်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ပတ် ရထားများကို ရုံးချိန်တွင်သာ ပြေးဆွဲမည် ဖြစ်သောကြောင့် နေ့လယ်ပိုင်းတွင် ပြေး ဆွဲသော လက်ယာရစ်မြို့ပတ်သည့် ခ/၃ နှင့် ခ/၄ ရထား၂ စီးနှင့် လက်ဝဲရစ်မြို့ပတ်သည့် က/၄ နှင့် က/၅ မြို့ပတ် ရထား၂ စီးတို့အား ယာယီ ရပ်နားခဲ့ပြီး အခု ဒုတိယအကြိမ် ထပ်မံ လျှော့ချလိုက်ခြင်းဖြစ်သည်။
ထို့ပြင် လက်ရှိတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု များနေသောကြောင့် ရန်ကုန်မြို့တွင်း ရထားချိန်များ လျှော့ချသကဲ့သို့ အဝေးသို့ ပြေးဆွဲနေသော အမြန်ရထားများကိုလည်း စက်တင်ဘာလ ၂၅ ရက်မှ စ၍ ယာယီ ရပ်ဆိုင်းထားကြောင်း ဦး ဇော်လွင်က ပြောဆိုသည်။
ရန်ကုန် – မန္တလေးအမြန်ရထားနှင့် ကြည့်မြင်တိုင်-ပြည် စာပို့ရထားတို့ကို ယာယီရပ်နားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က စ၍ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထား အသုံးပြုသွားလာသည့် ခရီးသည်များ လျော့နည်းသွားကာ အဓိကကျသည့် လမ်းပိုင်း ၆ ခုတွင် ရထား ၁ စီးစီ ဆက်လက် ပြေးဆွဲပေးခဲ့ပြီး ကျန်ရထားများကို ယာယီရပ် နားထားသည်။
You may also like these stories:
ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျှော့ချပြေးဆွဲ