မြန်မာနိုင်ငံ၏ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများအတွက် တင်ဒါ ခေါ်ယူခဲ့သော စီမံ ကိန်း ၃၀ တွင် ၁၆ ခုကို တရုတ်ကုမ္ပဏီ ၆ ခု တင်ဒါ အောင်မြင်သွားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ထို စီမံကိန်း ၁၆ ခုမှာ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက် သွားမည်ဖြစ်ပြီး Sungrow Power Supply ကုမ္ပဏီ စီမံကိန်း ၈ ခုအထိ အများဆုံး လုပ်ကိုင်ခွင့် ရရှိခဲ့ကာ Consortium of SPIC Yunnan International Power Investment Co.,Ltd. and Khaing Lon Gems ကုမ္ပဏီက စီမံကိန်း ၄ ခုနှင့် ကျန် စီမံကိန်း ၄ ခုကို အခြားတရုတ်ကုမ္ပဏီ၂ ခုနှင့် တရုတ်-မြန်မာ ဖက်စပ် ကုမ္ပဏီများက စီမံကိန်း ၁ ခုစီ လုပ်ကိုင်ခွင့် ရရှိခဲ့ သည်။
ထိုစီမံကိန်း ၁ ခုစီသည် လျှပ်စစ် မဂ္ဂါဝပ် ၃၀ မှ ၄၀ အထိ ထုတ်လုပ်မည့် စီမံကိန်းများ ဖြစ်သည်။
“တင်ဒါ Process အတိုင်း ဆက်သွားနေတာပါ။ ပထမဈေးနှုန်း ဖွင့်ဖောက်ကြေညာပြီးတော့ အခုထပ်ဆွေးနွေးခဲ့ရာမှ အဆင်ပြေသွားခဲ့တဲ့ ဒီကုမ္ပဏီတွေကို ရွေးချယ်လိုက်တာပါ။ ကျန်တဲ့ စီမံကိန်းတွေ အတွက်လည်း သိပ်မကြာခင် ထပ်ကြေ ညာသွားမှာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆိုလာ တင်ဒါ စိစစ်ရေး ကော်မတီမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
တင်ဒါ စိစစ်ရွေးချယ်ရာတွင် နေရောင်ခြည်စွမ်းအင်မှ ဈေးနှုန်း အနည်းဆုံး ပြန်လည် ရောင်းချပေးမည့် ကုမ္ပဏီများကို ရွေး ချယ်ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်ပြီး ၆ လအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည် ဖြစ်ခြင်းကြောင့် ယခု ဘဏ္ဍာနှစ် လယ်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အထက်ပါ အရာရှိက “ကိုဗစ်ကာလ ဖြစ်နေပေမဲ့လည်း ဒီကာလမှာ သူတို့ လုပ်လို့ရမယ့် လုပ်ငန်းတွေ ရှိတယ်။ ဥပမာ မြေ ရှင်းလင်းရေး လုပ်ငန်းမျိုးတွေပေါ့။ ကျနော်တို့က တင်ဒါခေါ် ကတည်းက သတ်မှတ်ထားပြီးသားပါ။ ၆ လအတွင်း အကောင်အထည် ဖော်ရမှာကို အချိန်မီပြီးအောင် လုပ်ဖို့က တင်ဒါအောင် ကုမ္ပဏီတွေရဲ့ တာဝန်ပါ” ဟု ပြောဆိုသည်။
တရုတ်ကုမ္ပဏီများ၏ တင်ပြသော ဈေးနှုန်းသည် 1 kWh (kilowatt-hour) ကို ၃ ဒသမ ၅ မှ ၅ ဒသမ ၁ ဆင့် (USD) သာ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။
ဝန်ကြီးဌာနက တင်ဒါခေါ်ယူခဲ့သည့် နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း တင်ဒါ ၃၀ ခုတွင် ပထမအဆင့်၌ တရုတ်ကုမ္ပဏီများက ၂၈ ခု အထိ ရွေးချယ်ထားခံရပြီး၊ ကျန် စီမံကိန်း ၂ ခု အနက် ၁ ခု မှာ တင်ဒါအစီ အစဉ် ပျက်သွားကာ၊ ၁ ခုမှာ ဂျာမန်ကုမ္ပဏီအား ရွေးချယ်ထားခြင်းကြောင့် ကျန်ရှိနေသည့် ဆိုလာစီမံကိန်းများသည် လည်း တရုတ် ကုမ္ပဏီအများစု အောင်မြင်ရန် နီးစပ်လျက်ရှိသည်။
ဈေးနှုန်းအနည်းဆုံးကိုသာ ဦးစားပေး ရွေးချယ်ခြင်းကြောင့် နိုင်ငံအတွက် လျှပ်စစ်အမှန်တကယ် လိုအပ်ချိန်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝ မထုတ်လုပ်နိုင်မည်ကို ဝန်ကြီးဌာနအနေဖြင့် သတိပြုရန်လိုအပ်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်တချို့ က မှတ်ချက်ပြုပြောဆိုထားကြသည်။
ဆိုလာပါဝါ စီမံကိန်း တခုကို အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ထိုစီမံကိန်း အားလုံးမှ လျှပ်စစ်မဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်လုပ်ရန် ဝန်ကြီးဌာနက မျှော်မှန်းထားပြီး ဧရာဝတီတိုင်း တွင် ၄ ခု၊ ပဲခူးတိုင်းတွင် ၇ ခု၊ မကွေး တိုင်းတွင် ၆ ခု၊ မန္တလေးတွင် ၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၄ ခု၊ နေပြည်တော်တွင် ၃ ခု နှင့် ရန်ကုန်တိုင်းတွင် ၁ ခု တည် ဆောက်သွားမည် ဖြစ်သည်။
You may also like these stories:
တရုတ်ကုမ္ပဏီများ အားကိုးဖြင့် နွေရာသီ လျှပ်စစ်မီး ပိုရရှိရေး ကြိုးပမ်းမှု အောင်မြင်မှု နည်း
ဆိုလာလျှပ်စစ်စီမံကိန်းတင်ဒါ တရုတ်ကုမ္ပဏီ အများဆုံး ဝင်ပြိုင်