နှစ်ပေါင်း၂၀ ကျော်ကြာမှ ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည့် အကျဉ်းထောင်ပြေး နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) မိုက်ကယ် ဟွားဟူနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေများ ရှာဖွေရာတွင် အခက်အခဲ ရှိသည့်အတွက် ယနေ့ အောက်တိုဘာ ၈ ရက် ရုံးချိန်တွင် ရုံးမထုတ်နိုင်ဘဲ ချုပ်ရမန်သာ ထပ်ပေးခဲ့သည်။
အမှု၌ တရားလိုသက်သေ ၁၀ ဦးစာရင်းတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သူအချို့နှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲသူများ ပါဝင်လျှက်ရှိပြီး ၎င်းတို့၏နေရပ်လိပ်စာများ အတည်ပြုစုံစမ်းမရသေးသည့်အတွက် ချုပ်ရီမန်ထပ်မံ တိုးမြှင့်ပေးရန် ရဲတပ်ဖွဲ့ဘက်က တင်ပြခဲ့ခြင်းဖြစ်သည်။
“ယေဘုယျသဘောလေးပြောရင်တော့ ထောင်ကပြေးသွားရင် ပြေးသွားကြောင်း အထောက်အထားလေး တရပ်တော့ရှိမယ်လေ။ သူပြေးခဲ့ကြောင်း မျက်မြင်သက်သေတွေ တယောက်နှစ်ယောက်တော့ ရှိဦးမှာပါ။ အကုန်လုံးတော့ ပျောက်ဆုံးကွယ်လွန်တော့ မဟုတ်လောက်ပါဘူး။ သူပြေးသွားတယ်ဆိုတာ မှန်ကန်ကြောင်း သက်သေတယောက်ကထောက်ခံတယ်ဆိုရင် ဒါလည်း မြင်သာတဲ့အချက်ပဲလေ” ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
ဦးကျော်မြင့်နှင့် ပတ်သက်ပြီး လူစားထိုးထားကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍လည်း “အင်တာနက်မှာ မြင်နေရတဲ့ ဦးကျော်မြင့်ဓာတ်ပုံနဲ့ ရုံးရှေ့ရောက်လာတဲ့ ဦးကျော်မြင့်ကတော့ တူတယ်။ ဒါကတော့ ကျနော့ အမြင်ပဲ၊ ” ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
ရုံးချိန်းတွင် တရားရုံးနှင့် အကျဉ်းထောင် တာဝန်ရှိသူများက အွန်လိုင်း ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုကာ ချုပ်ရမန်အားပေးခဲ့ခြင်း ဖြစ်ပြီး နောက်တပတ် ရုံးချိန်းအား အောက်တိုဘာ၂၀ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်းလည်း ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား စက်တင်ဘာ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ရာရှိ ၎င်း၏ နေအိမ်တွင် မူလ အမှုတွဲဖြစ်သည့် ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အမှုတွဲရှိရာ မန္တလေးသို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။
၎င်း တည်ထောင်ခဲ့သည့် မြန်မာကျုံယွမ်း ကုမ္ပဏီအား ၁၉၉၇ ခုနှစ်တွင် မြန်မာအစိုးရက အမည်ပျက်စာရင်းသွင်း၍ ၎င်း အား ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ပြီး တနှစ်ခန့်အကြာ ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်၌ မန္တလေး အကျဉ်းထောင်မှ ကျန်းမာရေး အကြောင်းပြချက်ဖြင့် ပြင်ပဆေးရုံကြီးသို့ သွားရောက်ပြသစဉ် ထွက်ပြေး လွတ် မြောက်သွားခြင်း ဖြစ်သည်။
You may also like these stories:
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော