ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့တွင် အောက်တိုဘာလ ၁၅ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ အင်အားပြ လှည့်လည်ရာတွင် ပါဝင်ခဲ့သူ အမျိုးသမီးတဦးမှာ အမောဖောက် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
လူအင်အား ထောင်နှင့်ချီပြီး လှည့်လည်ခဲ့သည့် NLD ပါတီ ထောက်ခံပွဲတွင် မြောင်းမြမြို့အမှတ် ၆ ရပ်ကွက် အောင်ဇေယျ ၁ လမ်းနေ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးမှာ မိသားစုအချို့နှင့်အတူ နေအိမ်မှ သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မြောင်းမြမြို့ကျွန်းတောတံတားအနီး အရောက် အမောဆို့ကာ ဆက်လက် မလိုက်နိုင်သဖြင့် အိမ်သို့ ပြန်ပို့ရာ၌ နေအိမ် အရောက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက “သူက (သေဆုံးသူ အမျိုးသမီး) NLD ပါတီ ထောက်ခံပွဲကို လှည့် လည်ရင်းနဲ့ အမောဖောက်လာလို့ အိမ်အပြန်မှာ အိမ်မှာပဲ ကွယ်လွန်ခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးသူအမျိုးသမီးအား မြောင်းမြခရိုင်၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဓာတ်ခွဲနမူနာရယူ၍ ယမန်နေ့ နေ့လယ်ပိုင်းက စစ်ဆေးခဲ့ရာ COVID – 19 ရောဂါပိုး မတွေ့ရဘဲ နှလုံးရောဂါကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ ဝန်းရံ ထောက်ခံလှည့်လည်ပွဲတွင် ထောင်နှင့်ချီသော ဒေသခံများက ကား၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် သုံးဘီးဆိုင်ကယ်များဖြင့် မြောင်းမြမြို့ပေါ်တွင်လှည့်လည်ခဲ့ပြီး မြောင်းမြမြစ်အတွင်း၌လည်း မြို့အနီးရှိ ကျေးရွာများမှ ရေယာဉ်မျိုးစုံ၂၀၀ ကျော်ဖြင့် အင်အားပြ လှည့်လည်ခဲ့ကြကြောင်း သိရသည်။
You may also like these stories:
နာဂဒေသတွင် မဲရုံစောင့်မည့် ဆရာ/ဆရာမများကို သီးခြားထားရှိမည်
ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ
ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ