ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) မှ ပြုလုပ်နေသည့် ပုံမှန် ကုန်သွယ် ရေးနှင့် နယ်စပ် ကုန်သွယ်ရေး အားလုံး တပတ်ကြာ ယာယီ ရပ်ဆိုင်းထားရာမှ ယနေ့(အောက်တိုဘာ ၂၆)တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂)မှ ပြုလုပ်နေသည့် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အားလုံးကို အောက်တိုဘာလ ၁၈ ရက်(ယနေ့ ညနေ ၃နာရီမှ) စ၍ အောက်တိုဘာ ၂၅ ရက် အထိ ထိုင်းနိုင်ငံဘက်က ယာယီ ရပ် ဆိုင်း ထားခဲ့သည်။
ယနေ့တွင် မြန်မာ ကုန်တင်ယာဉ်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့ BCF ဇုန် အထိ လည်းကောင်း၊ ထိုင်း ကုန်တင်ယာဉ် များ အား မြန်မာနိုင်ငံ မြဝတီမြို့ BCF အထိ လည်းကောင်း အပြန်အလှန် ကုန်သွယ်မှု ပြန်လည် စတင်ပြီ ဖြစ်သည်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “ကုန်သွယ်ရေးက ပြန်တော့ ဖွင့်ပေမယ့် BCF မှာပဲ ဆိုတော့ အခက်အခဲ ရှိ နေတယ်။ သူတို့ဘက်ကတော့ ကုန်သွယ်မှု ပြန်စတယ်လို့ ပြောတာပေါ့။ ကျနော်တို့ဘက်ကျတော့ ကုန်သွယ်တဲ့ အနေအ ထားမျိုးတော့ မဖြစ်ဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးကို နယ်စပ် ကုန်သွယ်ရေး ထိန်းချုပ်မှုဇုန် (Border Control Facility – BCF) သို့သာ ဝင်ရောက်ခွင့် ပြုပြီး ကုန်သွယ်မှု ပြုလုပ်ရခြင်းကြောင့် သိုလှောင်ရုံများ အလုံအလောက် မရှိခြင်းနှင့် ကျွမ်းကျင် လုပ်သားများ မလုံ လောက်ခြင်းကြောင့် ကုန်ပစ္စည်းများ အရည်အသွေး ကျဆင်းခြင်း၊ ပျက်စီးခြင်း အစရှိသော အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း ၎င်းက ဆိုသည်။
ဦးတေဇာအောင်က ဆက်လက်၍ “အခုက ဒါကို ပြန်ပြီး စမ်းဖွင့်တာပေါ့။ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီး အခြေအနေ တည်ငြိမ်သွားရင်၊ ကျနော်တို့ မျှော်မှန်းထားတာတော့ နောက်နှစ်ပတ်လောက်ဆိုရင် အရင်တုန်းကလို ပုံမှန် ကုန်သွယ်ရေး ပြန်လုပ်နိုင်မယ်ပေါ့” ဟု ပြောဆိုသည်။
ယနေ့တွင် ပြန်လည် စတင်သော ကုန်သွယ်ရေးတွင် ထိုင်းနိုင်ငံဘက်က ဆောက်လုပ်ရေး ပစ္စည်းများနှင့် လုပ်ငန်သုံး ပစ္စည်းများတင် ကုန်တင်ယာဉ်အစီး၂၀ ကျော် ဝင်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံဘက်က မြေပဲနှင့် ဆန်မုန့်ကဲ့သို့သော ကုန်များ ကားအစီးရေ အနည်းငယ်သာ ပြန်လည် တင်ပို့လျက်ရှိနေကြောင်း မြဝတီနယ်စပ်မှ ကုန်သည်တဦး ဖြစ်သည့် ကိုအောင်မြင့်ဦးက ပြောသည်။
၎င်းက “ဒီနေ့ကတော့ ပြန်စဖွင့်ပြီး ဆိုတော့ တံတားမှာတော့ ကားတွေ အပြည့် ပြန်ဖြစ်နေတယ်။ ထိုင်းဘက်က ကုန်တွေပဲ များတယ်။ မြန်မာဘက်က မြေပဲလောက် နည်းနည်းသွားနေတာ” ဟု ဆိုသည်။
မြဝတီနယ်စပ် ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ ဒုတိယ ကုန်သွယ်မှု အများဆုံး လုပ်ဆောင်သည့် ကုန်သွယ်ရေးစခန်း ဖြစ်ပြီး ပုံမှန်ကာလတွင် ၁ ရက်လျှင် ကုန်စည်စီးဆင်းမှုသည် ကားအစီးရေ ၃၀၀ မှ ၅၀၀ ကြား ကုန်သွယ်လျက် ရှိသည်။
မြန်မာဘက်နိုင်ငံဘက်က လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ နှမ်း အပါအဝင် ရေထွက်ကုန် တချို့ကို တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်က စားသောက်ကုန်၊ လုပ်ငန်းသုံး ပစ္စည်းများ၊ စက်သုံးဆီများ အပါအဝင် ဆောက်လုပ်ရေး ပစ္စည်းများ ပြန်လည် တင်သွင်းလျက် ရှိသည်။
You may also like these stories:
ဒေါ်လာဈေးကျ၊ ပို့ကုန်လုပ်ငန်းများ အခက်တွေ့