ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဂျူဗလီလမ်းအနီးရှိ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဉ်လက်မှတ်ရောင်း သည့် အိမ်၌ ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အမျိုးသမီးတဦး အသတ်ခံရမှုတွင် ကျူးလွန်သူကို ဖမ်းမိထားပြီဟု ဗန်းမော်မြို့မ ရဲစခန်းမှ သိရသည်။
ကျူးလွန်သူသည် သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မြင့်ဦးပင် ဖြစ်ကြောင်း ဗန်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မျိုးကျော်က ဧရာဝတီသို့ ပြောကြားသည်။
“ကျနော်တို့ စစ်ဆေးချက်တွေအရ ကျူးလွန်သူက သေဆုံးသူရဲ့ အမျိုးသားဖြစ်သူ လေကြောင်းရုံးမန်နေဂျာပါ။ ရန်ဖြစ် စကားများရာက လက်လွန်ပြီးသေဆုံးသွားတာပါ။ သေသွားတဲ့အခါကျမှ အဲဒီလူက သူ့ရဲ့ တပည့်ဖြစ်သူကို အကူအညီ တောင်းပြီး သူ့ကိုယ်သူ တိပ်တွေနဲ့ချည် တခြားလူတွေက လာပြီး လုယက်သွားတဲ့ပုံစံလုပ်ထားတာပါ ” ဟု ၎င်းက ဆိုသည်။
ကျူးလွန်သူများကို လက်ရှိတွင် ဖမ်းဆီးရမိထားပြီး တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့မရဲစခန်းမှ သိရသည်။
ကနဦး ၎င်းလေယာဉ် လက်မှတ်အရောင်းဌာန မန်နေဂျာက အမည်မသိ အမျိုးသား ၃ဦး အိမ်သို့ ရောက်လာပြီး ၎င်းအား ရိုက်နှက်ကြိုးတုတ်ကာ ငွေကြေးများကို ယူသွားကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပြီး၊ သူ၏ အမျိုးသမီးကိုလည်း ယင်း လူ၃ဦးက သတ်သွားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
လူသတ်မှုဖြစ်ပွားပြီး နောက်တနေ့တွင်မူ အထက်ပါပြောဆိုချက်များသည် မှန်ကန်မှုမရှိဘဲ ကျူးလွန်သူသည် သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။
You may also like these stories:
ဗန်းမော်က ဓားပြတိုက်ခံရမှု အမျိုးသမီး ၁ ဦးသေဆုံး