နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှုအပေါ် ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ(ခ) ဦးသုစိတ္တာ ဘိဝံသ အနေဖြင့် ယနေ့နိုဝင်ဘာ ၂ ရက်နေ့တွင် လူအများရှေ့ ပြန်ထွက်လာခဲ့ပြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် အဖမ်းခံခဲ့သည်။
အဖမ်းမခံရမီ ဦးဝီရသူအနေဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် တွေ့ဆုံရန် သွား ရောက်ခဲ့သော်လည်း ဆရာတော်ကြီးများက လက်ခံတွေ့ဆုံခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ သွားရောက်စဉ် ဆရာတော်ဦးဝီရသူက တပည့်သံဃာများ တပည့်များကို ၆မိနစ်ခန့် စကားအနည်းငယ် မိန့်ကြားခဲ့ပြီးနောက် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ခြင်းဖြစ်သည်။
ယင်းသို့ ပြောကြားရာတွင် “မိစ္ဆာ၊ အမျိုးယုတ်၊ ငှက်စုတ်ပါတီကို အမျိုးပြုတ်အောင် တိုက်ထုတ်မယ်” ဟူ၍လည်း ကြွေးကြော်ခဲ့သည်။
ဦးဝီရသူအနေဖြင့် တနှစ်ကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ၅ ရက်သာလိုတော့သည့် အချိန်တွင်မှ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဦးဝီရသူအနေဖြင့် နိုင်ငံတော်အကြီးအကဲများအား ပုတ်ခတ်ဟောပြောမှုကြောင့်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလ အတွင်းက အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄(က)ဖြင့် အနောက် ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အလားတူ နိုင်ငံတော် အကြီးအကဲများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပုတ် ခတ် ဟောပြောသည်ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတွင် တရားစွဲခံရကာ ဝရမ်းထုတ်ခံထားရသည့် ဘူးလက်ဦးလှဆွေကိုမူ ဖမ်းမိသေးပေ။
You may also like these stories:
ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ
ဘူးလက် ဦးလှဆွေအား မဖမ်းမိသေးဟု ဆို