ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံပြီးနောက် မြို့တော်ဝန်နှင့် ဆက်စပ်သည့် တိုင်းဒေသကြီး အစိုးရဝန်ကြီးတချို့ အပါအဝင် တခြားဆက်စပ်သူ ၂၇ဦးကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က “ကျနော်တို့ စစ်ဆေးနေတယ်ဗျ။ swab တွေယူပြီးတော့ NHL ကိုလည်း ပို့ထားပါတယ်။ ရန်ကုန်မြို့တော်ဝန်ကြီးနဲ့ ချိတ်ဆက်တာနဲ့က အဓိက ပတ်သက်ပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဇနီး၊ ကိုယ်ရေးအရာရှိ ပါအဝင် အနီးကပ်ထိတွေ့သူ ၅ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်ဝန်နှင့် ဆက်စပ်ထိတွေ့မှု ရှိသည့် တိုင်းအစိုးရ ဝန်ကြီးများကို စစ်ဆေးနေသော်လည်း စစ်ဆေးခံရသူ များတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် မပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဒေါက်တာထွန်းမြင့်က “ဝန်ကြီးချုပ်ကတော့ မြို့တော်ဝန်ကြီးနဲ့ Primary Contact စာရင်းထဲမှာ မဝင်ပါဘူး။ မဝင်တဲ့အတွက် ဝန်ကြီးချုပ်ကိုတော့ စစ်ဆေးထားခြင်း မရှိပါဘူး။ ဝန်ကြီးတွေလည်း ပါပါတယ်။ အစည်းအဝေး တူတူတက်ခဲ့ကြတဲ့ လူတွေ လည်း ပါပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးသည် ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခြင်းများ ဆောင်ရွက်စဉ် နေမကောင်းသောကြောင့် ကျန်းမာရေး စစ်ဆေးမှုခံယူရာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကိုဗစ်ရောဂါ ကူးစက်ခံထား ရကြောင်း တွေ့ရှိ၍ တောင်ဥက္ကလာပ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ထုတ်ပြန်ထားသည်။
မတ်လ ၂၃ ရက်မှ ဒီဇင်ဘာလ ၉ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၃,၁၆၆ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၂,၁၇၄ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၈၁,၇၁၅ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
မလိုက်နာတဲ့ လူတွေရှိသေးလို့ အမြစ် မပြတ်တာ
ရွေးကောက်ပွဲနောက်ပိုင်း ဧရာဝတီတိုင်း၌ ကိုဗစ်ပိုးတွေ့သူ ၂ ဆ ကျော်မြင့်တက်
ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ထိ ရှိလာ