မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်မှု စတင်ဖြစ်ပွားခဲ့သော မတ်လကုန်ပိုင်းမှ စတင်၍ ၈ လ ကျော်ကြာ ရပ် နားထားခဲ့သော နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ခွင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ပြန်လည် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသော ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းလိုင်းများ ပြေးဆွဲ ခြင်းကို ဇန်နဝါရီလ ၁ ရက်တွင် ပြန်လည် စတင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေအရ လာမည့် ဇန်နဝါရီလ ၁ ရက်တွင် နိုင်ငံတကာ ခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် လုပ်ဆောင်နိုင်ရန် ရက်သတ်မှတ်လျာထားပြီးဖြစ်ကာ ထိုနေ့ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဟု အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးနေဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “အဲဒီရက်မှ ပြန်စနိုင်ဖို့ကို လိုအပ်တာတွေ ဆောင်ရွက်ထားဖို့ ဆိုပြီး ညွှန်ကြားထားတာ ဖြစ်တယ်။ လောလော ဆယ် ဖွင့်ဖို့အတွက်ကို ဆုံးဖြတ်ချက် ချထားပြီးတဲ့ အနေအထားတော့ မဟုတ်ဘူး” ဟု ဆိုသည်။
နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည် ဆင်းသက်ခွင့်ပြုရန်အတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စံသတ် မှတ်ချက်များ(SOP) များကို ရေးဆွဲလျက်ရှိသလို နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ခြင်းကြောင့် တဖက်နိုင်ငံများဘက်မှလည်း လက်ခံပြီးမှ ဆောင်ရွက်ရနိုင်မည့် အခြေအနေ ရှိကြောင်း ၎င်းက ရှင်းပြသည်။
ဦးနေဝင်းက “ကိုဗစ် မဖြစ်ခင်ကလို နိုင်ငံတကာ အားလုံးနဲ့တော့ ပြန်စနိုင်မှာ မဟုတ်ဘူး။ စဖြစ်မယ်ဆိုရင် အိမ်နီးချင်း တွေရယ်၊ မြန်မာနိုင်ငံအဓိက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ ဂျပန်တို့ တောင်ကိုရီးယားတို့နဲ့က အရင် ပြန်စနိုင်လိမ့်မယ်” ဟု ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် ကမ္ဘာ့လှည့် ခရီးသည်၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ အစရှိသည့် ခရီးသည် အမျိုးအစား သတ်မှတ်ချက်များ၊ ဗီဇာ သတ်မှတ်ချက်များ အပါအဝင် အခြား အသေးစိတ် သတ်မှတ်ချက် များကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ကြား ဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပြေးဆွဲလျက်ရှိသည့် ပြည်တွင်း ပုံမှန်လေကြောင်း လိုင်း ခရီးစဉ်များ ပျံသန်း ပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်း (SOP) များဖြင့် ဒီဇင်ဘာ ၁၆ ရက် ပြန်လည် ခွင့်ပြုပေးထား လျက် ရှိသည်။
You may also like these stories:
ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်ဖွင့်တော့မည်