မြန်မာနိုင်ငံအနေဖြင့် လူ ၁၅ သန်းစာအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးအား အန္ဒိယနိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညတွင် ပြော ကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့ဟာ ကာကွယ်ဆေး ဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံးအဆင်သင့် ရှိပြီးပြီဆိုတာနဲ့ မကြာခင်ကာလမှာ ကကကွယ်ဆေးထိုးတဲ့အစီအစည်တွေ စဖို့လည်း ကျမတို့စီစည်ထားပြီးပါပြီ။ တတိုင်းပြည်လုံးမှာပေါ့၊ ကျမတို့က တဆင့်ပြီးတဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ကျမတို့ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲ့ဒါပြီးတော့မှ နောက်ကျမတို့အနေနဲ့ နိုင်ငံအတွက်ရော၊ ပြည်သူတွေအတွက်ရော လိုအပ်ချက်အရ ကျမတို့ တဆင့်ပြီးတဆင့် လုပ်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယထိပ်တန်းဆေးကုမ္ပဏီ တခုဖြစ်သည့် Serum Institute တို့အကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေး နားလည်မှု စာချွန်လွှာအား ယနေ့တွင် Virtual ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း နယူးဒေလီမြို့ မြန်မာသံရုံးကလည်း ထုတ်ပြန်လိုက်သည်။
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ တွေ့ဆုံရာ၌ အစိုးရခြင်း G-to-G အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမှု ဆွေးနွေးပြီးနောက် အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute မှ ဆေးဝယ်ယူရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သည့် နည်းပညာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ အိန္ဒိယအစိုးရမှ တာဝန်ရှိသူများနှင့် ဆက်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Serum Institute ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးအနေဖြင့် အောက်စဖို့စ်တက္ကသိုလ်နှင့် AstraZeneca တို့ပူးပေါင်း သုတေသနပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထုတ်လုပ်နေခြင်းဖြစ်သည်။
You may also like these stories:
အင်းစိန်ထောင်တွင် ကိုဗစ်-၁၉ ကုသဆောင်ဖွင့်လှစ်
ကိုဗစ်ကာလမှာ နေထိုင်မှုပုံစံသစ်နဲ့ အသားကျအောင် ဘယ်လိုနေထိုင်ကြမလဲ
တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ