အီရန်တော်လှန်ရေး အစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည့် တောင်ကိုရီးယားနိုင်ငံပိုင် ဓာတုပစ္စည်းများ တင်ဆောင်လာသော သင်္ဘောတွင် မြန်မာနိုင်ငံသားများပါဝင်နေကြောင်း AP သတင်းဌာန၏ သတင်းဖော်ပြချက်အရသိရသည်။
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့အခြေစိုက် DM Shipping ကုမ္ပဏီပိုင်ဆိုင်သည့် MT Hankuk Chemi အမည်ရှိ သင်္ဘောသည် ဇန်နဝါရီလ ၄ ရက်တွင် ပါရှန်ပင်လယ်ကွေ့၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး အဆိုပါသင်္ဘောပေါ်တွင် မြန်မာ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် သင်္ဘောသားများ တာဝန်ထမ်းဆောင်နေကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။
Ethanol ဓာတုပစ္စည်းတန်ချိန် ၇၂၀၀ တင်ဆောင်ထားသည့် အဆိုပါသင်္ဘောသည် ပါရှန်ပင်လယ်ကွေ့နှင့် အီရန်နိုင်ငံထိန်းချုပ်ထားသော ဟောမုဇ်ရေလက်ကြားကို ညစ်ညမ်းစေသည်ဟုစွပ်စွဲကာ အီရန်ဘက်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် ကိုရီးယားနိုင်ငံသား ၅ ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ၂ ဦး၊ ဗီယက်နန် ၂ ဦး အပြင် မြန်မာနိုင်ငံသား ၁၁ ပါဝင်ကြောင်း ပြည်ပသတင်းများတွင် ဖော်ပြနေကြသော်လည်း မြန်မာနိုင်ငံဘက်ကတော့ အတည်ပြုချက် မပေးသေးပေ။
မြန်မာနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကမူ မြန်မာသင်္ဘောသားများ အဖမ်းခံလိုက်ရသည့်ကိစ္စကို ၎င်းအနေနှင့် မသိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါဖြစ်စဉ်ကို ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနက ဆက်လက်စုံစမ်းသွားမည်ဖြစ်ပြီး ဖြစ်စဉ်မှန်ကန်ပါက မြန်မာသင်္ဘောသားများလွတ်မြောက်ရေး အတွက် သံတမန်နည်းလမ်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
တောင်ကိုးရီးယားအစိုးရဘက်ကမူ သင်္ဘောသားများပြန်လည် လွတ်မြောက်ရေးအတွက် အီရန်အစိုးရအရာရှိများနှင့် ညှိနှိုင်းနေပြီး တဖက်တွင်လည်း စစ်သည် ၃၀၀ ပါဝင်သော တောင်ကိုရီးယားပင်လယ်ဓားပြတိုက်ဖျက်ရေးယူနစ်ကို ပါရှန်ပင်လယ်ကွေ့သို့ စေလွှတ်ထားသည်။
You may also like these stories:
တင်းမရွာသားတွေ ပျောက်ဆုံးနေမှု ဘယ်သူမှ တာဝန်မခံကြ
လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ
ဝါးခယ်မမြို့နယ် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လယ်သမားများဆန္ဒပြ