မြန်မာဘက်သို့ အမြန်ပို့ရေး ရနောင်းအချုပ်တွင် ဆန္ဒပြမှု ဖြစ်ပွား
ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ထောင်တွင် ထိန်းသိမ်းခံထားသည့် မြန်မာနိုင်ငံသားက ၎င်းတို့အား အမြန်ဆုံး ပြန်ပို့ရေး ဆန္ဒပြနေသည်။
၎င်းတို့မှာ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် မြန်မာဘက်သို့ ပြန်ပို့ရန် ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ် ထောင်တွင် ရောက်နေသူများဖြစ်ပြီး၊ စုစုပေါင်း ၄၃၁ ဦးရှိကာ တချို့မှာ ၅လကျော် ကြာမြင့်ပြီဖြစ်သော်လည်း မြန်မာ ဘက်မှ လက်မခံသေးသဖြင့် ပြန်ပို့ရန် ကြန့်ကြာနေသူများ ဖြစ်ကြောင်း ရနောင်းမြို့ အခြေစိုက် မိတ္တသဟာရ နာရေး ကူညီရေးအသင်း ဥက္ကဋ္ဌ ကိုသားကျော်က ပြောသည်။
“သူတို့တွေကို ပြန်လက်ခံဖို့ လူစာရင်းကို မြန်မာသံရုံးကိုလည်း ပို့ပြီးပြီ၊ အခု ကော့သောင်းဘက်က မြန်မာအာဏာပိုင် တွေက အဆင့်သင့်မဖြစ်သေးလို့ လက်မခံသေးဘူး ဆိုတာကြောင့် ကြာနေတာ၊ ကိုဗစ်သာဖြစ်ရင် အကုန်မလွယ်ဘူး၊ အခုဟာ အချုပ်သားတွေက အချုပ်တံခါးတွေကို ဖျက်ပြီး အပေါ်က ခုန်ချမယ်လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေးအချုပ်ထောင်မှာ လူဦးရေအားဖြင့် ၂၀၀ခန့်သာ ဆန့်ပြီး ယခုအခါ ကျပ်တည်းစွာ နေ နေရကြောင်း၊ တခြားသော မြန်မာအချုပ်သား ၆၅ ဦးကို ရနောင်းမြို့ရှိ ရဲစခန်းအချုပ်များတွင် ပို့ဆောင်ထားရကြောင်း သိရသည်။
ယခုအခါ အဆိုပါကိစ္စကို ဖြေရှင်းရန် ဆူရတ်ဌာနီ ခရိုင်သို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားသံအရာရှိမှာ ယနေ့ နေ့လည်တွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ ထိုင်းအာဏာပိုင်တို့ အနေဖြင်လည်း ကော့သောင်းဘက်ခြမ်းရှိ မြန်မာအာဏာ ပိုင်တို့က လက်ခံမည်ဆိုပါက အမြန်ဆုံးပြန်ပို့ပေးမည်ဟု ပြောသည်။

ကိုသားကျော်က “ဒီလူတွေဟာ ထိုင်းဘက်မှာ ပြစ်ဒဏ်လည်း ကျခံပြီးပြီ၊ အခုလည်း အချုပ်ထဲမှာ ၃လကနေ ၆လ လောက်နေခဲ့ သူတွေဖြစ်တယ်၊ ကိုဗစ်ကင်းရှင်းကြောင်းလည်း စစ်ဆေးပြီးသူတွေဖြစ်တယ်၊ ကော့သောင်းကို ရောက် ပြီး ခေတ္တစောင့်ကြည့်ပြီး သူတို့အိမ်ကို ပြန်နိုင်တဲ့ သူတွေဖြစ်တယ်၊ ဒီက အချုပ်မှာလည်း လူကျပ်နေပြီ၊ ဒါကြောင့် အမြန်ဆုံးလက်ခံပေးပါလို့ တိုက်တွန်းချင်တယ်”ဟု ပြောသည်။
You may also like these stories:
အဓမ္မကျင့်သည်ဆိုသော ထိုင်းရဲကို ထိရောက်စွာ ပြစ်ဒဏ်ပေးရေး မြန်မာသံအမတ်တိုက်တွန်း
မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ
မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို