မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အာဏာသိမ်းမှုသည် မြန်မာ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Prawit Wongsuwon က ယနေ့ ပြောကြောင်း Bangkok Post သတင်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ ထိပ်တန်းခေါင်းဆောင် အမြောက်အများကို စစ်တပ်က ဒီကနေ့မနက်ပိုင်းတွင် ထိမ်းသိမ်းလိုက်မှုအပေါ် သဘောထားအား သတင်းထောက် များက မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးချုပ်က ထိုသို့ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုထက် မြန်မာနိုင်ငံမှ တဆင့် ကူးစက်ပျံ့ပွားလာနိုင်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို ပိုမိုစိုးရိမ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။
မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းမှုကို စင်္ကာပူနိုင်ငံက စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ကြေညာ ထားသော် လည်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ကမူ ပြည်တွင်းအရေးကိစ္စသာ ဖြစ်သည်ဟု ပြောဆိုထားသည်။