ယနေ့ နေ့လယ် ၂ နာရီ ၄၅ အချိန်ခန့်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းခဲ့ပြီး NLD အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဒေါက်တာ မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့် တို့ကို ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုံးအတွင်း၌ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ၁၆ ဦးရှိကြောင်းနှင့် ထိုသို့ ဝင်ရောက်စီးနင်းရှာဖွေနေကြောင်း ပြည်သူများ သတင်းကြားသိရသဖြင့် လူ ၁ သောင်းကျော်ထိ ပါတီရုံးရှေ့၌ ရောက်ရှိလာခဲ့ကြကာ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“ကျနော်တို့ နှစ်ဖက် ညှိနှိုင်းလိုက်ကြတယ်။ ရုံးရှေ့မှာ လူအုပ်စုလည်းများလာတဲ့အတွက်။ ၅ နာရီထိုးဖို့ ၁၅ မိနစ်လောက်မှာတော့ သူတို့ ပြန်သွားကြပါတယ်” ဟု ရုံးအတွင်း၌ ရှိခဲ့သော NLD ပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောသည်။
သို့သော် မည်သို့ညှိနှိုင်းသည်ဟူသော အသေးစိတ်အချက်များကို ပြောကြားခြင်း မရှိပေ။
လက်ရှိတွင် ဒေါက်တာ မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့သည် NLD ပါတီကိုယ်စား သတင်းမီဒီယာများကို ဖြေကြားပေးခြင်းနှင့် အာဏာရှင်ဆန့်ကျင်ရေး ပါဝင်လှုပ်ရှားကြသူများကို အားပေးခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။
ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီခွဲ အချိန်တွင်လည်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကို နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားသလို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ စသည့် NLD ပါတီ ခေါင်းဆောင်တို့ကိုလည်း နေအိမ်မှ ခေါ်သွားကြသည်။
ဖေဖော်ဝါရီ ၁၀ ရက်ညကလည်း NLD ပါတီ ရုံးချုပ်သို့ တပ်မတော် စစ်ယူနီဖောင်းနှင့် ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူများ အပါအဝင် အရပ်ဝတ်ထားသူ ၁၅ ဦးခန့် ကဥပဒေမဲ့ ဝင်ရောက် ရှာဖွေခဲ့ကာ ရုံးအတွင်းရှိ ပစ္စည်းများကိုဖျက်ဆီး ယူဆောင်သွားမှုလည်း ဖြစ်ပွားခဲ့သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ၁၇ ရက်နေ့ထိ ချုပ်ရက်ရမန်ယူထား
ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီအပါ ၇ ဦး ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်ကကြေညာ
NLD ထိပ်ပိုင်းခေါင်းဆောင်များကို ထပ်မံဖမ်းဆီးမှုများ ရှိလာ