စစ်ကောင်စီ၏ ကျပ် ဘီလီယံ ၂၀၀ တန် ငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချမှုတွင် ကျပ် ၁ ဒသမ ၇ ဘီလီယံဖိုး သာ ရောင်းချနိုင်ခဲ့ကြောင်း ငွေတိုက်ဦးစီးဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီလအတွက် ကျပ် ဘီလီယံ၂၀၀ တန် ငွေတိုက်စာချုပ်များကို ငွေတိုက်ဦးစီးဌာနကိုယ်စား မြန်မာနိုင်ငံတော် ဗဟို ဘဏ်က ပြည်တွင်းဘဏ်များသို့ လေလံစနစ်ဖြင့် ရောင်းချပေးရခြင်း ဖြစ်သည်။
ထိုသု့ိ ငွေတိုက်စာချုပ်ရောင်းချမှုကို ပြည်သူများက မဝယ်ယူကြရန် ဆန့်ကျင်ကန့်ကွက်မှုများလည်းရှိနေသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော် အာဏာကို အသုံးပြုနိုင်သည့် တရားဝင်အဖွဲ့အစည်း မဟုတ်သည့် အတွက် ငွေတိုက်စာချုပ်များ ရောင်းချခြင်း လုပ်ကိုင်ခွင့် မရှိကြောင်းနှင့် ငွေတိုက်စာချုပ်များသည် တရားမဝင်ကြောင်းနှင့် ဆုံးရှုံးမှုများသည် ဝယ်ယူသူများ၏ တာဝန်သာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်လိုက်ခြင်းကြောင်း ယင်းသို့ ဝယ်ယူမှု လျော့ကျခြင်း ဖြစ်သည်။
ယခု ရောင်းချသည့် ငွေတိုက်စာချုပ်များသည် သက်တမ်း၂ နှစ်နှင့် သက်တမ်း ၄ နှစ်ဟူ၍ နှစ်မျိုး ရောင်းချခြင်းဖြစ်ပြီး အတိုးနှုန်း တနှစ်လျှင် ၇ ဒသမ၂၅ မှ ၇ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ငွေတိုက်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များသည် အစိုးရတရပ်အတွက် ဝင်ငွေရရှိအောင် အများပြည်သူထံမှငွေကို အတိုး ပေးကာ ငွေချေးယူသည့် နည်းလမ်းတခု ဖြစ်သည်။
ငွေတိုက်လက်မှတ်များ၏ သက်တမ်းသည် ၃ လ၊ ၆ လ သို့မဟုတ် ၁ နှစ် ဖြစ်ပြီး ငွေတိုက်စာချုပ်များ၏ သက်တမ်းသည် အနည်းဆုံး ၁ နှစ် ရှိကာ၂ နှစ်၊ ၃ နှစ် မှ ၅ နှစ်အထိ ရောင်းချနိုင်သည်။
ထို့ပြင် စစ်တပ်ပိုင် ဘဏ်တခုဖြစ်သော မြဝတီဘဏ်များတွင် ငွေပြန်လည်ထုတ်ယူသူ များပြားနေသည့်အတွက် ယခင် နေ့များက တရက်ကို တဦးလျှင် ကျပ်သိန်း ၅၀၊ ဖေဖော်ဝါရီ ၁၈ ရက်တွင်မူ သိန်း ၂၀ ငွေပမာဏအကန့်အသတ်ဖြင့် ထုတ် ပေးလျက်ရှိပြီး၊ ထိုသို့ ငွေထုတ်ယူနိုင်ရန်အတွက် လူဦးရေ ၂၀၀ ခန့် ကန့်သတ်ထားသဖြင့် ငွေထုတ်လိုသူများ အနေဖြင့် နံနက် ၄ နာရီအချိန်ကတည်းက တန်းစီ စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ ယနေ့တွင် မြဝတီဘဏ်ခွဲများကို ပိတ် ထားလျက်ရှိကြောင်း သိရသည်။
You may also like these stories:
စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ
ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်းအတွင်း တရုတ်အကြွေး ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့