ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူများအနက် ၄ ဦးကို ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့ရာ ၁၀ ရက်နီးပါးရှိလာသည့်တိုင် မိသားစုနှင့် တွေ့ခွင့် မရရှိသေးကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများမှာ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်နှင့် မမြမြဝင်းတို့ ဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့် ဥပဒေဖြင့် အမှုဖွင့်သည်ကို မသိရှိသလို မိသားစုနှင့်လည်း တွေ့ဆုံခွင့်မရကြောင်း ဖမ်းဆီးခံ ကိုအောင်ခိုင်မြင့်၏ ဖခင် ဦးမြင့်ထွေးက ပြောသည်။
ဦးမြင့်ထွေးက “အခုထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး။ ဘယ်ဥပဒေတွေနဲ့ အမှုဖွင့်တယ်။ ဘယ်လိုလုပ်ထားတယ်ဆိုတာ လည်း ကျနော်တို့ မသိရဘူး။ ကျနော်ပြောချင်တာက အခုအဖမ်းရတဲ့ သူတွေက ကျောင်းသားတွေလည်း ပါတယ်။ ကလေး တွေအတွက် နစ်နစ်နာနာ မဖြစ်စေချင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၆ ရက်က သံတွဲမြို့ပေါ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိ၊ ဒီမိုကရေစီ ရရှိရေး၊ တို့အစိုးရ တို့ပြန်ပေး စသည့် ဗီနိုင်းများကိုင်ပြီး ဆန္ဒပြခဲ့ကြသဖြင့် ဆန္ဒပြပွဲတွင် ပါဝင်သူ ၄ ဦးကို ရဲတပ်ဖွဲ့က အဓမ္မ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ၂၅ ရက်တွင်လည်း သံတွဲမြို့ပေါ်တွင် ပြည်သူများ စစ်အာဏာရှင် စနစ်အလိုမရှိကြောင်း ဆန္ဒပြရန် လူစုခဲ့ရာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လူစုခွဲရန် မြို့ပတ်ပြီးကားဖြင့်လှည့်လည်နေသည့်အတွက် ပြည်သူများအနေဖြင့် ငပလီပင်လယ်ဘက်သို့ သွားရောက်၍ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်းလည်း သိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ သံတွဲမြို့ခံ အမျိုးသမီးတဦးက “ကျမတို့ ဆန္ဒပြမယ်ဆိုပြီး လမ်းပေါ်ထွက်ပြီး လူစုမယ် လုပ်တုန်းပဲ ရှိသေးတယ်။ စစ်ကားနဲ့ ရဲကားက လူစုခွဲဖို့ မြို့ပတ်နေတယ်။ အဲဒီအတွက်ကြောင့် ငပလီကမ်းခြေမှာသွားပြီးတော့ မိနစ် အနည်းငယ်လောက်ပဲ ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့နယ်အပါအဝင်၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြကာ၊ သံတွဲမြို့နယ်မှ ၄ ဦး၊ အမ်းမြို့နယ်က ၇ ဦး၊ တောင်ကုတ်မြို့နယ်က ၃ ဦး၊ ဂွမြို့နယ်မှ ၂ ဦး၊ မာန်အောင်မြို့နယ်က၂ ဦး စသည့် ပြည်သူ ၁၈ ဦးကို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အမ်းမြို့နယ်ရှိ ဆန္ဒပြသူများကို ဖမ်းဆီးထားမှုအား ဒဏ်ငွေ ၈ သောင်းစီ ဆောင်ခိုင်း၍ ဖေဖော်ဝါရီ၂၄ ရက်က ပြန်လွှတ် လိုက်ပြီ ဖြစ်သည်။
You may also like these stories:
ရခိုင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၈ ဦး ဖမ်းဆီးခံထားရ
အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၇ ဦး ငွေ ၈ သောင်း ဒဏ်ဆောင်စေ၍ ပြန်လွှတ်