တြိဂံတိုင်း စစ်ဌာနချုပ် ရှိရာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီအား ဆန္ဒပြသူ ၁၄ ဦးကို စစ်တပ်နှင့် ရဲက ဖမ်းဆီးထားပြီး မိသားစုနှင့် တွေ့ခွင့်မပေးဘဲ အဆက်အသွယ် ဖြတ်ထားကြောင်း အဖမ်းခံ ထားရ သူများနှင့် နီးစပ် သူတချို့က ဧရာဝတီကို ပြောသည်။
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ဒေါ်နီလာဝင်း၊ စိုင်းလုံခမ်း၊ ကျိုင်းတုံဟစ်တိုင် Facebook Page အက်ဒမင် ဦးသီဟ၊ ကျိုင်းတုံ သတင်းမှန် Page Admin ဦးမင်းလွင်၊ ပရဟိတလုပ်ကိုင်နေသူ ဆရာမ ဒေါ်နန်းရှဲန်လာ (ခ) မီဆော၊ ကျိုင်းတုံ မြရတနာရွှေဆိုင်မှ ဒေါ်ခင်မမလှိုင်၊ ကျိုင်းတုံမြို့နယ် NLD အတွင်းရေးမှူး ဦးမြင့်စိုးတို့မှာ ထိန်းသိမ်းခံထား ရပြီး ဆန္ဒပြသည့် မအားဘို၊ မမိုးမိုး၊ ဦးမိုးအောင်၊ ကိုစိုင်းဝန်းတစ်၊ တက္ကသိုလ်ကျောင်းသူ မနန်းခမ်းဖူးမြတ်၊ မယွန်း လဲ့နန္ဒာ နှင့် တက္ကသိုလ်ကျောင်းသား မောင်ဂျူးလီ တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိရသည်။
ကျိုင်းတုံမြို့ ဒေသခံ တဦးက “ဘယ်နားမှာ ဖမ်းထားလဲဆိုတာ လိုက်ပြီး စုံစမ်းနေပေမယ့် နေရာတိတိကျကျတော့ မသိ ရသေးပါဘူး။ ကျမတို့ ကျိုင်းတုံက ရှေ့နေတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးတဲ့သူတွေ အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ အခုလည်း ကြာနေပြီ၊ ဖမ်းခံထားရတဲ့ သူတွေနဲ့လည်း ဘာသတင်းမှ မရဘူး ဆိုတော့ အကုန်လုံးက စိတ်ပူနေကြပါတယ်” ဟု ပြောဆိုသည်။
ကျိုင်းတုံမြို့သည် တြိဂံတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည့် အပြင် ၎င်းကိုးကွယ်သည့် ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒမှာ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် နေပြည်တော်တွင် ဆန္ဒပြသူများကို ဒဏ်ငွေတပ်ကာ ပြန်လွှတ်နေသော်လည်း ကျိုင်းတုံမြို့တွင် ဆန္ဒပြသူများမှာမူ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ မြန်မာနိုင်ငံတွင် တပ်မတော်က အာ ဏာ သိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၇၂၈ ဦး ရှိနေကြောင်း သိရသည်။
You may also like these stories:
ဆန္ဒပြ၍ ဖမ်းခံရသည့် သံတွဲဒေသခံ ၄ ဦး မိသားစုနှင့် တွေ့ခွင့်မရ
ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး
အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၇ ဦး ငွေ ၈ သောင်း ဒဏ်ဆောင်စေ၍ ပြန်လွှတ်