ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းက မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် တောင်ကုတ်မြို့နယ် တရား ရုံး၌ စွဲချက်တင်လိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံရသူ ၄ ဦးမှာ မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျ ကျော်၊ မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီမှ တောင်ကုတ်မြို့နယ် အလုပ်အမှု ဆောင် ဦးဝေသောင်းနှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ မိုက်ကယ်(ခ) စည်သူကျော်ဇံ တို့ ဖြစ်သည်။
ယင်းအမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က “ဒီနေ့ တရားရုံးက သူတို့ကို စွဲချက်တင် လိုက်ပါတယ်။ တရားလိုသက်သေတွေရဲ့ထွက်ဆိုချက်ဟာ တိုင်ကြားထားတဲ့ ပုဒ်မ ၅၂ (က) အရ ငြိစွန်းပေါ်ပေါက်ချက် ရှိ တဲ့အတွက် စွဲချက်တင်ပြီး ဖြေရှင်းစေဆိုပြီး စွဲချက်တင်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စည်ပင် ကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် တောင်ကုတ်မြို့ခံ ၄ ဦးကို ပြီးခဲ့သော၂၀၂၀ မေလအတွင်းက စစ်ဆေးစရာများ ရှိသည်ဟုဆိုကာ နေအိမ်ကနေ ရဲတပ်ဖွဲ့နေ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့ ၄ ဦးသည် ရက္ခိုင် စစ်တပ် (AA) နှင့် တစုံတရာ ပတ်သက်ဆက်နွယ်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ထိုသို့ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။
အဆိုပါ အမှုတွင် တရားလိုပြသက်သေ ၁၃ ဦးအထိ စစ်ဆေးခဲ့ပြီး ထိုသို့ စွဲချက်တင်ခဲ့သည့်အတွက် ယနေ့ ရုံးချိန်တွင် စွပ် စွဲခံထားရသူများဘက်မှ တရားခံပြသက်သေ ၇ ဦးစာရင်းကို တရားရုံးသို့ တင်ပြခဲ့ပြီး လာမည့် မတ်လ ၃ ရက်တွင် တရားခံ ပြသက်သေများကို ဆက်လက် စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
တောင်ကုတ် NLD ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ