တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြနေသည့် လူထုကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၄ ဦး ဒဏ်ရာ ရထားသည်ဟု သတင်း ရရှိ သည်။
ထားဝယ်မြို့အထွေထွေသပိတ်စစ်ကြောင်းတွင် လိုက်ပါဆန္ဒပြနေသည့် ကိုမောင်မောင်ကျော်က “မနက်က ကရပ်ပြင် လမ်း ဆုံမှာ လူစုခွဲဖို့ ဘာမှမပြောဘဲနဲ့ တန်းပစ်တာ တယောက်က ဗိုက်မှာ ထိတယ်၊ တယောက်က လက်ဖျံမှာ ဒဏ်ရာ ရတယ်” ဟု ပြောသည်။
ကိုမောင်မောင်ကျော် မျက်မြင်တွေ့ ဒဏ်ရာ ရရှိသူ ၂ ဦးမှာ ရာဘာကျည်ထိမှန်ခြင်း ဖြစ်သည်။
ကျန်ထိခိုက်ဒဏ်ရာရသူ၂ ဦးမှာ မျက်ရည်ယိုဗုံးကြောင့် မျက်လုံးများ ထိခိုက်ထားသည့် အမျိုးသမီးတဦးနှင့် ကလေးငယ် တဦးတို့ ဖြစ်သည်။
မျက်ရည်ယိုဗုံးကြောင့် ထိခိုက်ထားသူ၂ ဦးကို ထားဝယ်မြို့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
မနက် ၉ နာရီကျော်တွင် ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံတွင် ရဲတပ်ဖွဲ့က ဆန္ဒပြလူထုကို ပိတ်ဆို့ကာ ပစ်ခတ် ဖြိုခွင်းခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် စတင် ထိပ်တိုက်တွေ့စဉ်က ထားဝယ် အထွေထွေသပိတ်စစ်ကြောင်း ဦးဆောင်သူက “ငြိမ်းချမ်းစွာ ဆန္ဒပြနေ တဲ့ လူထုပါ” ဟု ပြောရာ ရဲတပ်ဖွဲ့ဘက်မှ လူထုဘက်သို့ မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် စတင် ပစ်ခတ်ခြင်း ဖြစ်သည်။
ဆန္ဒပြလူထုက ဖြိုခွင်းခံရသော်လည်း နောက်အနည်းငယ်ဆုတ်ပြီး ဆက်လက်ဆန္ဒထုတ်ဖော်နေသဖြင့် ၁၁ နာရီကျော်တွင် ရဲတပ်ဖွဲ့က ထပ်မံ ပစ်ခတ်ခဲ့သည်။
လက်ရှိအချိန်ထိ ထားဝယ်မြို့ဥတ္တံတားကြီးလမ်းဆုံတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြလူထုက နှစ်ဖက် ရင်ဆိုင်နေဆဲ ဖြစ်သည်။
You may also like these stories:
အာဏာသိမ်းပွဲကြောင့် ပျက်ပြားသွားတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်များ
တောင်ကုတ်စည်ပင် ဥက္ကဋ္ဌအပါအဝင် ၄ ဦး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ဘက်က ရပ်တည်ကြောင်း ချက်သမ္မတကြေညာ