ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းကို နေ့လည် ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ပြီး ဘုရားကျောင်းဝင်းအတွင်းမှ ဓမ္မဆရာများ အပါအဝင် လူငယ်များကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
ဒေသခံ အမျိုးသမီး တဦးက “ဒီမနက် လူငယ်တွေက ကျောင်းထဲပြေးဝင်တယ်။ အဲ့ထဲပြေးဝင်တည်းက မထွက်ကြတာ။ ရဲတွေက လာဝိုင်းကြတာ။ ဒါပေမယ့် အခုခေါ်သွားတဲ့ သူတွေက ဓမ္မအမှုတော်ဆောင်တွေလည်း ပါတယ်။ ဘုရားကျောင်းမှာ တံခါးတွေကိုတော့ ဖျက်ဆီးပြီး ဝင်ဖမ်းတာ” ဟု ပြောသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ သတင်းထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူမှာ ၁၁ ဦးဖြစ်သည်။
ဖမ်းဆီးခံရသူ ၁၁ ဦးထဲတွင် ရှမ်းပြည်နယ်ဇုံနယ်အသင်းတော်များအဖွဲ့ (လားရှိုး) ၏ ပညာရေးတာဝန်ခံ ဦးမောရှေ၊ ဘဏ္ဍာထိန်း ဦးနော်မိုင်၊ လူငယ်တာဝန်ခံ ဦးဇော်ဒွဲအောင် နှင့် ကျောင်းသား ၈ ဦးတို့ ဖြစ်ကြောင်း KBC က သတင်းထုတ်ပြန်ထားသည်။
ယနေ့မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်က လားရှိုးမြို့တွင်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြနေသည့် လူထုကို ရဲနှင့် တပ် တို့က မျက်ရည်ယိုဗုံးများ ဖောက်ခွဲကာ ဖြိုခွင်းသည့် အပြင် ထွက်ပြေးသည့်သူများကိုလည်း လိုက်လံရိုက်နှက် ဖမ်းဆီးခြင်း များ ပြုလုပ်ခဲ့သည်။
ဆန္ဒပြသူများထဲမှ ကချင်လူငယ်များမှာ ဘုရားကျောင်းအတွင်းသို့ ပြေးဝင်ပုန်းနေကြရာ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က အချုပ်ကား၊ ရဲကားများ ၆ စီးခန့်ဖြင့် လာရောက်ဝိုင်းကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဘုရားကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်စဉ်က ဘုရားကျောင်း တံခါးကိုပါ ဖြိုကာ သေနတ်များလည်း ပစ်ဖောက်ခဲ့သည်။ ဘုရားကျောင်းဝင်း အနီးရှိ အိမ်များက ရုပ်သံမှတ်တမ်းယူနေရာ ထိုအိမ်များဘက်သို့လည်း သေနတ်များ ခြောက်လှန့် ပစ်ခတ်ခဲ့သည်။
You may also like these stories:
ဝိုင်းမော်တွင် မူလတန်းကျောင်းအုပ်နှင့် ဒေသခံ ၁ ဦးကို ဖမ်း၍ အကျဉ်းထောင်သို့ ပို့
ထားဝယ်တွင် ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွင်းခံရ၊ ဒဏ်ရာရသူများရှိလာ