NLD ပါတီဝင် “စု အသက်မွေးဝမ်းကျောင်း သိပ္ပံ (ရွှေပြည်သာ)” တာဝန်ခံ ဦးဇော်မြတ်လင်း အား ယမန်နေ့ ညပိုင်းက စစ်တပ်မှ လာရောက်ဖမ်းးသွားပြီးနောက် ယနေ့ သေဆုံးသွားကြောင်း စစ်ဘက်မှ မိသားစုထံ အကြောင်းကြားသည်ဟု ရွှေပြည်သာမြို့နယ် NLD ပါတီဘက်က အတည်ပြု ပြောကြားသည်။
“သူ့အမျိုးသမီးက ကိုယ်တိုင် အသိပေး အကြောင်းကြားတာပါ။ အခု ရုပ်အလောင်း သွားထုတ်နေပြီလို့တော့ ပြော တယ်။ ဘာကြောင့် ဆုံးရတယ်ဆိုတဲ့ အခြေအနေတော့ သေချာ မသိရသေးဘူး” ဟု NLD ပါတီဘက်က ပြောသည်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက် ညပိုင်းကလည်း ပန်းပဲတန်းမြို့နယ်၊ NLD ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်အား စစ် ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် ညတွင်းချင်းပင် သေဆုံးခဲ့ရသည်။
ဦးခင်မောင်လတ် သေဆုံးမှုအား ပန်းပဲတန်း ရဲစခန်းက မိသားစုထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး မတ်လ ၇ ရက် ည နေပိုင်းတွင် အစ္စလာမ် ဘာသာဝင်များ၏ ဓလေ့အတိုင်း ဈာပန အခမ်းအနား ပြုလုပ်ခဲ့သည်။
အာဏားသိမ် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့်ရဲတို့ အနေဖြင့် ယခုရက်ပိုင်းအတွင်း NLD ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များအား ညအချိန်တွင် အကြမ်းဖက် ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြု လုပ်လျက်ရှိသည့်အပြင် တက္ကသိုလ်များ၊ ဆေးရုံများတွင်လည်း ဝင်ရောက် နေရာယူကာ တပ်စွဲထားလျက် ရှိသည်။
You may also like these stories:
စစ်တပ် ဖမ်းဆီးသည့် ပန်းပဲတန်း NLD ရပ်/ကျေး ဥက္ကဋ္ဌ ညတွင်းချင်း သေဆုံး
ဖျာပုံမြို့ထိုင်သပိတ် စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွဲရာ ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ ဆန္ဒပြပွဲများ တပြိုင်တည်း ပစ်ခတ်ဖြိုခွင်းရာ ၁ ဦး သေဆုံး
စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ