လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် CDM မလုပ်ဘဲ ကျန်ရှိနေသေးသည့် နိုင်ငံ ဝန်ထမ်းများ အနေဖြင့် လူတစု၏ အကျိုး စီးပွားကို သစ္စာစောင့်ခြင်း မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများကိုသာ သစ္စာစောင့်သိကြရန် CRPH က ခန့်အပ် လိုက်သည့် ဒုတိယ သမ္မတ မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။
မနေ့က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၏ Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်မှုတခု တွင် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများနှင့် လက် တွဲ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု အလေးနက် ကတိပြုကြောင်းလည်း ၎င်းက ဆိုသည်။
“ကျန်ုပ်ကို ပေးအပ်ထားတဲ့ တာဝန်တွေကို ကိုယ်စွမ်းညဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူ လူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်ပြု ထပ်လောင်း ပြောကြားလိုပါတယ်”ဟု မန်းဝင်းခိုင်သန်းက ပြောသည်။
လက်ရှိ အစိုးရသည် ယာယီ အစိုးရ မဟုတ်ဘဲ တည်ဆဲလက်ရှိအစိုးရ၏ သမ္မတဖြစ်သူမှာ ဦးဝင်းမြင့်သာ ဖြစ်ကြောင်း၊ ယင်းအချက်ကို ကုလသမဂ္ဂ အပါအဝင် ကမာ္ဘ့ နိုင်ငံများက အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်း CRPH က ခန့်အပ်သည့် ဝန်ကြီးတဦး ဖြစ်သူ ဦးတင်ထွန်းနိုင်က ပြောသည်။
“ဖမ်းဆီးထိန်းသိမ်းခံ အရပ်သား အစိုးရ ချမှတ်ထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်ထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ပြီး တရားမဝင် အာဏာသိမ်းအစိုးရက ပြည်သူလူထုအကျိုးစီးပွါး ထိပါး ရန်ရှာ ဖျက်ဆီးဆောင်ရွက်နေတာတွေကိုလည်း ကာကွယ်တားဆီးသွားမှာ ဖြစ်ပါတယ်”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
လက်ရှိ အရေးတော်ပုံကြီးသည် စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် တိုင်းရင်းသား ညီအကို မောင်နှမအားလုံး၏ လိုလားတောင့်တချက်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်ရေးအတွက် အတူတကွ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်နိုင်မည့် အခြေအနေတရပ်လည်း ဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
“ကျနော်တို့အားလုံးဟာ အရင်က ဘယ်လိုပဲ ကွဲပြားမှုတွေ ရှိပါစေ၊ ယခုအချိန်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ဖို့ တဦးလက်ကိုတဦး ကျစ်ကျစ်ပါအောင် တွဲထားကြရမှာပါ။ ကျနော်အနေနဲ့ ဒီအရေးတော်ပုံကြီး အတွင်းမှာ လူထုကို အကာ အကွယ်ပေးနိုင်ဖို့ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ပြည်သူတွေ မိမိကိုယ်ကို ခုခံနိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ရေးဆွဲပြဌာန်းပေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီကမူ CRPH ကို အသိအမှတ် မပြုကြောင်း၊ ယင်းအဖွဲ့ တွင် ပါဝင်ဆောင်ရွက်သူများ၊ အားပေးထောက်ခံသူများကို ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။