မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မတ်လ ၁၆ ရက်ည ၈ နာရီခန့်က ပြည်သူများ သံပုံးတီးနေသည့်အချိန်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အကြမ်းဖက် ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်သဖြင့် ဒဏ်ရာရရှိသူများ ရှိခဲ့သည်။
ညောင်ဦးနှင့် ပုဂံမြို့ကြားတွင် ရှိသည့် မြင်းကပါရွာတွင် ပြည်သူများ သံပုံးတီးခြင်းကို ရဲသတင်းပေး (ဒလံ) များက တိုင်တန်းသဖြင့် စစ်တပ်နှင့်ရဲများ ရောက်ရှိလာကာ ကျေးရွာအတွင်း လှည့်ပတ်၍ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ညောင်ဦးဒေသခံတဦးက “စစ်သားတွေရောက်လာတဲ့အခါ မြင်းကပါရွာက စားသောက်ဆိုင် ဝန်ထမ်း ၅ ဦးက ထွက်ကြည့် ကြတယ်။ အဲဒီ ၅ ဦးကိုပါ ဖမ်းဆီးတာတွေ လုပ်တယ်။ တဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်။ အဲဒီ အကြောင်း ကို ရွာကလူတွေ သိတော့ ဖမ်းခံရတဲ့ ၄ ဦးကို ပြန်လွှတ်ဖို့ ဝိုင်းပြီး တောင်းဆိုကြရာကနေ သူတို့က ရာဘာကျည်တွေနဲ့ ပစ် ခတ်တယ်။ ညမို့လို့ တယောက်မှတော့ မထိကြဘူး” ဟု ဆိုသည်။
ထိုဖြစ်စဉ်ကို ညောင်ဦးနှင့် ပုဂံမြို့ဒေသခံတို့ကပါ သိရှိသွားကြကာ ရပ်ကွက်နေပြည်သူများက လမ်းပေါ်ထွက်၍ တောင်းဆို မှုများ ပြုလုပ်လာကြသဖြင့် အဆိုပါ ဖမ်းထားသူ ၄ ဦးကို ရိုက်နှက်၍ ပြန်လွှတ်ပေးလိုက်ပြီး ညောင်ဦးမြို့သို့ သွားရောက်၍ လူစုခွဲ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုစဉ် ညောင်ဦးမြို့ အောင်ဇေယျရပ်ကွက်နေ ပြည်သူတဦးက အိမ်ရှေ့တွင် ထွက်ကြည့်ရာမှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ က နေ အိမ်အတွင်းထိပါ လိုက်လံ၍ ဖိနပ်ဖြင့် ကန်ကျောက်ခြင်း၊ သေနတ်ဒင်နှင့် ရိုက်နှက်ခြင်းတို့ပါ ပြုလုပ်ခဲ့သည့်အတွက် မျက်နှာ ဖူးယောင်ခြင်း၊ ခေါင်းအက်ကွဲဒဏ်ရာရရှိခဲ့ပြီး ၇ ချက် ချုပ်လိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။
ထိုသို့ ပစ်ခတ်ဖြိုခွင်းမှုများ နေ့စဉ် ပြုလုပ်နေသော်လည်း ပုဂံညောင်ဦး ဒေသခံများမှာ ယနေ့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြလျက်ရှိနေသည်။
You may also like these stories:
CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ရုံးခန်းကို စစ်တပ်နှင့်ရဲ ဝင်ရောက်ဖျက်ဆီး
ဗဟိုဘဏ် CDM ဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်နားခံရ
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ