အာဏာသိမ်း စစ်ကောင်စီက ၂၀၂၀ ရွေးကောက် ပွဲ အနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော် မတီ (CRPH) ကို မတရားအသင်းအဖြစ် မတ်လ ၂၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
CRPH နှင့် အဖွဲ့ဝင်များ၊ CRPH က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ CRPH နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ် ချက်နှင့် လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ ၏ အေးချမ်းသာယာရေးကို အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု စစ်ကောင်စီက ယုံကြည်ယူဆထားကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပါယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ကြေညာလိုက်ကြောင်း စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန် သည်။
CRPH ကလည်း လက်နက်မဲ့ ပြည်သူများကို နေ့စဉ် အကြမ်းဖက်၊ ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်နေသည့် အာဏာ သိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာထားသလို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ဖြင့်လည်း တရားစွဲဆိုထားသည်။
နိုင်ငံသားများ၏ လုံခြုံရေးကို အကာအကွယ် မပေးသည့်အပြင် နိုင်ငံသားများကို အကြမ်းဖက် သတ်ဖြတ်နေသောကြောင့် စစ်ကောင်စီကို နိုင်ငံတကာ ဥပဒေများနှင့်အညီ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရခြင်း ဖြစ်သည်ဟုလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က CRPH ကိုယ်စား ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးချိန်မှ မတ်လ ၂၁ ရက်အထိ စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၅၀ ဦး သေဆုံးသွားပြီဖြစ်ပြီး လူပေါင်း ၂၆၆၅ ဦးမှာလည်း ဖမ်းဆီးခံ ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။
စစ်တပ်က CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ထားသလို CRPHကလည်း အာဏာသိမ်း စစ်ကောင်စီကို ဆန္ဒပြသူများကို အကြမ်းဖက် သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ တင်နိုင်ရန် ကြိုးစားနေသည်။
အာဏာသိမ်း စစ်ကောင်စီသည် မူလက ရခိုင်စစ်တပ်(AA) မတရားအသင်းအဖြစ် ကြေညာထားသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည် ရုတ်သိမ်းပေးခဲ့သည်။
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ
စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ
အာဏာသိမ်း တပ်မတော်က CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ထား