ဖမ်းဆီးခံထားရသည့် နေပြည်တော်မှ DVB သတင်းထောက်ဟောင်း လက်ရှိတွင် အလွတ်တန်း သတင်းထောက် အဖြစ် လုပ်ကိုင်နေသူ ကိုအောင်ကိုကိုလတ်ကို မနေ့က ဧပြီလ ၅ ရက်နေ့က နေပြည်တော် အချုပ်ထောင်ရှိ ယာယီ တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ကိုအောင်ကိုကိုလတ်သည် မတ်လ ၂၀ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရှမ်းစုလေး ရပ်ကွက်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အကြမ်းဖက်ဖြိုခွင်းစဉ် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျန်ရစ် သည့်ကား အသိမ်းခံခဲ့ရသည်။
မတ်လ ၂၁ ရက်နေ့တွင် အသိမ်းခံရသည့်ကားကို ပျဉ်းမနားမြို့မ ရဲစခန်းသို့ သွားရောက်ထုတ်ယူစဉ် ရဲစခန်းက ပြန်မလွတ် တော့ဘဲ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ပုဒ်မ ၅၀၅ (က)ဖြင့် အရေးယူ ထိန်းသိမ်းခံခဲ့ရသူ တဦးလည်း ဖြစ်သည်။
အောင်ကိုကိုလတ်ကို လက်ရှိတွင် ပျဉ်းမနား အချုပ်ထောင်တွင် ထိန်းသိမ်းထားကာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လာမည့် ရုံးချိန်းကို ဧပြီ ၂၀ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
“သူ့(ကိုအောင်ကိုကိုလတ်)ကို ပထမဆုံး ရုံးထုတ်တဲ့နေ့မှာပဲ သူ့အမျိုးသမီးက နေပြည်တော်မှာပဲ သားဦးလေး မွေးဖွားခဲ့ပါ တယ်။ သူဖမ်းခံရတုန်းက သူ့အမျိုးသမီးက ကိုယ်ဝန်အရင့်မာကြီးနဲ့ ကျန်ခဲ့တာပါ”ဟု ကိုအောင်ကိုကိုလတ်၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တဦးက ဧရာဝတီသို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်တွင် သတင်းထောက် စုစုပေါင်း ၃ ဦး အဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ အလွတ် သတင်းထောက် ကိုအောင်ကိုကိုလတ်၊ ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် Mizzima အယ်ဒီတာဟောင်း ကို သန်းထိုက်အောင် တို့ဖြစ်သည်။
ကိုသန်းထိုက်အောင်နှင့်ကိုအောင်သူရတို့ ၂ ဦးမှာ မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD နာယက ဦးဝင်းထိန်ရုံးထုတ်ကို သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရပြီး ဘီဘီစီ သတင်းထောက် ကိုအောင်သူရမှာ မတ်လ ၂၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း ကိုသန်းထိုက်အောင်မှာမူ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ကိုသန်းထိုက်အောင်ကို လက်ရှိတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး မိသား စုဝင်များနှင့် ယနေ့အထိ အဆက်အသွယ်မရသေးဘဲ ၎င်းကို ဧပြီလ ၈ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။
ယနေ့ အချိန်အထိ မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား ၆၀ နီးပါး ရှိလာပြီး အနည်းဆုံး ၂၈ ဦးမှာ တ ရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခြင်းကို အချုပ်နှင့် တရားရင်ဆိုင်နေရသည်။
You may also like these stories:
သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး
CNN ကို အင်တာဗျူးဖြေသူ ၉ ဦး စစ်ကောင်စီက ချက်ချင်းဖမ်းဆီး
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်