သတင်းတို

နေပြည်တော်က NLD အမတ်နှစ်ဦး အမှု ၆ လအတွင်း အပြီး စစ်ဆေးမည်

ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် နေပြည်တော် NLD အမတ်နှစ်ဦး ဖြစ်သည့် ဦးကျော်မင်းလှိုင်နှင့် ဦးသန့် စင်ထွန်းတို့အမှုအား ယနေ့ ဧပြီလ ၈ ရက် ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု(CMP)စနစ် ပြုလုပ်ခဲ့ပြီး ၆ လအတွင်း ပြီးပြတ်အောင် စစ်ဆေးရန် နေပြည်တော်က တရားရုံးတခုက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအမှုကို နေပြည်တော် အချုပ်ထောင်အတွင်း ယာယီတရားရုံး ပြုလုပ်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သက် ဆိုင်ရာ ဥတ္တရသီရိမြို့နယ် တရားသူကြီးနှင့် လယ်ဝေးမြို့နယ် တရားသူကြီးတို့က လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“နှစ်မှုစလုံးအတွက်ကို ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ၆ လ အတွင်း အပြီးစစ်ပါမယ်”ဟု အမတ်နှစ်ဦး၏ ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

မှုခင်းစီမံခန့်ခွဲမှုအရ အမှုနှစ်ခုစလုံးအတွက် အပတ်စဉ် ကြာသာပတေးနေ့တိုင်းကို ရုံးချိန်း ချိန်းဆို၍ စစ်ဆေးသွားမည် ဖြစ် ကြောင်းလည်း သိရသည်။

“၂၂ ရက်နေ့ကစပြီးတော့ တရားလိုနဲ့ ရဲတယောက်ကို စစ်ပါမယ်ဗျ။ နောက်ပြီး တပတ်တိုင်း တပတ်တိုင်း ချိန်းမယ်။ နှစ်မှု စလုံးပါပဲ”ဟု ဦးခင်မောင်ဇော်က ဆိုသည်။

တရားလိုပြသက်သေများကို ရုံးချိန်း ၄ ချိန်းအတွင်း အပြီးစစ်ဆေးပြီးနောက် စွဲချက်တင်ခြင်း၊ ယင်းနောက် တရားခံပြ သက် သေစာရင်း တင်သွင်းခြင်းနှင့် စစ်ဆေးခြင်းများကို ၅၅ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးကျော်မင်းလှိုင်နှင့် ဦးသန့်ဇင်ထွန်းတို့ကို ရုံးထုတ်စစ်ဆေးစဉ် ၎င်းတို့၏ မိသားစုအနေဖြင့် လာရောက်နားထောင် ခွင့်ရရန် ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးသို့ တင်ပြခဲ့ကြောင်း သိရသည်။

တရားစီရင်ရေးမူအရ အများပြည်သူရှေ့မှောက်တွင် စစ်ဆေးရမည်ဖြစ်ပြီး ယခုအမှုများကိုလည်း Open Court အဖြစ် မှတ် ယူကြောင်း၊ ယင်းအတွက် အခြေအနေအရ အကျဉ်းထောင်အတွင်း စစ်ဆေးနေရသော်လည်း လာသင့်သူများကို လာ ရောက်ခွင့်ပြုရန် သက်ဆိုင်ရာ တရားသူကြီးများကို တင်ပြခဲ့ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

ယင်းသို့ တင်ပြမှုအပေါ် တရားသူကြီးနှစ်ဦးစလုံးက လက်ခံပြီး ညွှန်ကြားပေးမည်ဟု ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

ဦးသန့်ဇင်ထွန်းကို မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်သည့် ရက်က တကြိမ်သာ တွေ့ ခွင့်ရခဲ့ပြီး နောက်ထပ် မတွေ့ရ သေးကြောင်း၊ အမြန်ဆုံး တွေ့ချင်ကြောင်း ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင်က ပြောသည်။

“တွေ့လို့ရ တွေ့ချင်တာပေါ့။ ကျန်းမာရေးကောင်းတယ်၊ မကောင်းဘူး သိချင်တာပေါ့ ။ ခုက သူများ ပြောတာပဲ ပြန်ကြား ရတာ”ဟု ဒေါ်ချိုချိုအောင်က ပြောသည်။

လာမည့်ရုံးချိန်းအဖြစ် သင်္ကြန်ကာလအပြီးဖြစ်သည့် ဧပြီလ ၂၂ ရက်နေ့သို့ ချိန်းဆိုထားကြောင်း သိရသည်။

Loading