စစ်တပ်က အာဏာသိမ်းပြီး နှစ်လကျော်အချိန်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၆၀၀ ခန့် သေဆုံးခဲ့ရပြီဖြစ်ရာ အမှန်တကယ် ပစ်ခတ်မည်ဆိုပါက ယင်းအရေအတွက်မှာ နာရီပိုင်းအတွင်း သေနိုင်သည့် အရေအ တွက် ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အာဏာသိမ်းမှု နောက်ပိုင်း အရပ်သား ပြည်သူများ ရာ နှင့်ချီ သေဆုံးနေရမှုနှင့် ပတ်သက်၍ သတင်းထောက်တဦးက မေးမြန်းရာတွင် စစ်တပ်က တကယ်လုပ်ပါက ထိုထက်မက များနိုင်သည့်ဆိုသည့် သဘောဖြင့် အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“အမှန်တကယ်သာ ဒီဆန္ဒပြတဲ့ လူအုပ်စုကို မောင်းပြန်ရိုင်ဖယ်နဲ့ အော်တိုမစ်တစ် ပစ်မယ်ဆိုရင် အခုခင်ဗျားတို့ ပြောနေတဲ့ လူ ၅၀၀ ဆိုတာ နာရီပိုင်း အတွင်းတင် သေတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ၏ စာရင်းများအရ ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး သေဆုံးသူ ကျား ၂၃၇ ဦး၊ မ ၁၁ ဦး ပေါင်း ၂၄၈ ဦး ရှိကြောင်း၊ ဒဏ်ရာရရှိသူ ၄၀၁ ဦး ရှိကြောင်း သိရသည်။
စစ်တပ်ကလည်း အလုံးစုံ ကောင်းမွန်နေသည် မဟုတ်ဘဲ မှားယွင်း ပစ်ခတ်မှုများ၊ တပ်သား တဦးချင်းစီ၏ စိတ်ခံစားချက် အရ ပြုလုပ်သည်များလည်း ရှိနိုင်ကြောင်း၊ တချို့ကို စုံစမ်းစစ်ဆေး အရေးယူရန်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံ ခဲ့သည်။
စစ်ကောင်စီက အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဧပြီလ ၈ ရက်နေ့အထိ ရက်ပေါင်း ၆၇ ရက်အတွင်း သတ်ဖြတ်ခံရသူ ၆၁၄ ဦး ရှိကြောင်း၊ တနေ့လျှင် ပျမ်းမျှ လူ ၉ ဦးနှုန်း အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံရေး အ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ တဝန်းလုံး တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြလျက်ရှိပြီး ထိုသို့ပြုလုပ်သူများကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းသဖြင့် လူပေါင်း ၆၁၄ ဦး ထိခိုက် သေဆုံးခဲ့ရသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီက ၁ ရက်လျှင် ၉ ဦးနှုန်း သတ်ဖြတ်နေ
ဦးဝင်းထိန်အမှု အာမခံ လျှောက်ထားမှု ပယ်ချခံရ