စစ်ကိုင်းတိုင်း၊ တမူးမြို့ တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် လူငယ် အယောက် ၃၀ မှာ လက်ရှိ အချိန်အထိ မိ သားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိသေးကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံသူ လူငယ်အများစုသည် မိသားစုရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် သွားရင်း၊ လာရင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရိုက်နှက်ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မြို့ခံများနှင့် မိသားစုဝင်များက ပြောသည်။
တမူးမြို့ခံတဦးက“တမူးမြို့ပေါ်က အဖမ်းခံရတာ လူငယ် အယောက် ၃၀ လောက် ရှိပါတယ်။ အဲဒီအဖမ်းခံရတဲ့ အထဲမှာ ကျ နော့် ညီကိုဝမ်းကွဲ တယောက်လည်း ပါတယ်။ ဘာမှ အကြောင်းပြချက်မရှိဘဲ ဈေးဝယ်ထွက်တာတို့၊ မိသားစု အရေးကိစ္စ တွေကြောင့် အပြင်ထွက်ပြီးတော့ သွားရင်း၊ လာရင်းကနေ ဖမ်းခံရတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
တမူူးမြို့ တွင် ဖမ်းဆီးခံထားရသည့် လူငယ်များကို မြို့ပေါ်ရှိ ရဲစခန်းနှင့် အထက (၁) စာသင်ကျောင်းတွင် ဖမ်းဆီးထားသည် ဟု သတင်းကြားရသော်လည်း ဥပဒေအရ တရားရုံးထုတ်ခြင်း မရှိသလို မိသားစုဝင်များနှင့်လည်း တကြိမ်တခါမှ တွေ့ဆုံခွင့် မရကြောင်း မိသားစုဝင်များက ပြောသည်။
ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင်လည်း တမူးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများကို လိုက်လံ ဖမ်းဆီး နေ သည့်အတွက် မြို့ခံအများစုမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးသည့် နောက်ပိုင်း တမူးမြို့နယ်တွင် တခြားမြို့နယ်များကဲ့သို့ စစ် အာဏာဆန့်ကျင်ကြောင်း ဆန္ဒပြမှု ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်မှုကြောင့် တမူးမြို့ခံ ၉ ဦး အထိ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်က အရပ်သား အစိုးရထံမှ နိုင်ငံတော်အာဏာကို အတင်း အဓမ္မရယူပြီးနောက်ပိုင်း ပြည်သူများက ဆန့်ကျင်သဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာ ပြည်သူ ၇၈၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။