သတင်းတို

ယင်းမာပင်တွင် တူမီးသေနတ် တွေ့သည်နှင့် ဒေသခံများ အဖမ်းခံနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အလောင်းတော် ကဿပတောင်ခြေအနီးရှိ သီးကုန်း၊ သစ်ရာပင်နှင့် ကပိုင်ကျေးရွာများ သို့ မနေ့က စစ်ကောင်စီ လက်နက်ကိုင်တပ်များ ဝင်ရောက်လာပြီးနောက် တူမီးသေနတ်ရှိသည့် အိမ်ရှိ လူများကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ကောင်စီဘက်က တူမီးသေနတ်ရှိတဲ့အိမ်တွေလို့ ယူဆရတဲ့ အိမ်မှန်သမျှကို တအိမ်ဝင် တအိမ်ထွက်ဝင် စစ်ဆေးခဲ့ပြီး တော့ ရွာသွားတွေကိုလည်း ဖမ်းသွားတယ်”ဟု ဒေသခံတဦးက ပြောသည်။

သို့သော် အဖမ်းခံရသည့် ရွာသား အရည်အတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိပါ။

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့တခုက အလောင်းတော် ကဿပ တောင်ခြေတွင် အထိုင်ချထားပြီး ယင်းပတ်ဝန်းကျင် အနီးရှိ ကျေးရွာများမှ ဆန်၊ ဆီ၊ လောင်စာဆီများကို လုယူကြောင်း၊ ဈေးဆိုင်များမှ ပစ္စည်းများကိုလည်း လုယူသည့်အပြင် ဆိုင်ကယ်များလည်း ယူဆောင်သွားပြီး ကားတချို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာ အနီးတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ နှင့် ပြန်လည် ခုခံနေသည့် ဒေသခံ ပြည်သူများကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းဖြစ်စဉ်နှင့် အနီးဆုံး နေရာများရှိ ကျေးရွာများတွင် ယခုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲများကြောင့် ဒေသခံများဘက်မှ အနည်းဆုံး လူ ၆ ဦး ကျဆုံးခဲ့သည်ဟု ကနဦး သိရှိခဲ့ရသော်လည်း နောက်ပိုင်း တွင် ၁၀ ဦးအထိ ကျဆုံးခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူ ဒေသခံတဦးက အတည်ပြုသည်။

ပြီးခဲ့သည့် ရက်များကတည်းက ယင်းမာပင်မြို့ အထက်ပိုင်းရှိ ကနီနှင့် မင်းကင်းမြို့ ရှိ ကျေးရွာများတွင် စစ်ကောင်စီ လက်နက်ကိုင် တပ်များနှင့် ဒေသ ကာကွယ်ရေး စုဖွဲ့ထားသည့် ပြည်သူ့ဘက်မှ အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ၂ ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

ထို့ကြောင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း အနီးရှိ ကျေးရွာများစွာမှ ဒေသခံများမှာ ဘေးလွတ်ရာ တောထဲသို့ ထွက် ပြေးနေရဆဲ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ တန့်ဆည်၊ ပုလဲ၊ ဆားလင်းကြီး၊ မင်းကင်းနှင့် ကနီမြို့နယ်များတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရရာ လက်နက်ဖြင့် ပြန်လည် ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်။

You may also like these stories:

ဘဝမှာ နောင်တ နည်းနိုင်သမျှ နည်းအောင် နေချင်တယ်ဆိုတဲ့ ပိုင်ဖြိုးသု

၂၀၂၁ သင်္ကြန်တွင်း ဘယ်နေရာမှာမှ သီချင်းမဆိုခဲ့ဘူးလို့ ဟဲလေး ပြော

သင်္ကြန်ပွဲ သွားခဲ့တဲ့အပေါ် ညီညီမောင် (စမ်းချောင်း) ပြန်ဖြေရှင်း

Loading