သတင်းတို

နေပြည်တော် အမတ် ၂ ဦး တရားစွဲခံရမှု တရားလိုများကို စတင်စစ်ဆေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် နေပြည်တော်မှ လွှတ်တော် ကိုယ် စားလှယ် ၂ ဦး အမှုနှင့်ပတ်သက်၍ ယနေ့ ဧပြီလ ၂၂ရက်နေ့ ရုံးချိန်းတွင် တရားလိုများကို စတင် စစ်ဆေးခဲ့ကြောင်း သိ ရသည်။

ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နှင့် ဒက္ခိဏသီရိ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့် စင်ထွန်းတို့အား ယနေ့ရုံးချိန်းတွင် ယခင်အတိုင်း နေပြည်တော် အချုပ်ထောင်တွင် ယာယီတရားရုံး ပြုလုပ်၍ စစ်ဆေးခဲ့ ခြင်း ဖြစ်သည်။

ဦးကျော်မင်းလှိုင်အား ဥတ္တရသီရိမြို့နယ် တရားရုံး၊ ဦးသန့်စင်ထွန်းအား လယ်ဝေးမြို့နယ် တရားရုံးတို့တွင် တရား စွဲဆိုထား ခြင်းဖြစ်၍ ယင်းမြို့နယ် တရားသူကြီးများက လာရောက်၍ တရားခွင် နှစ်ခု ပြုလုပ်၍ စစ်ဆေးခဲ့သည်။

အမှုနှစ်ခုမှ တရားလိုများမှာ အဓိကအားဖြင့် တိုင်စာပါ အကြောင်းအရာများအတိုင်း ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသန့်ဇင်ထွန်းနှင့် ဦးကျော်မင်းလှိုင်တို့ကို ၎င်းတို့၏ မိသားစုဝင်များကက တွေ့ ခွင့်မရ၍ အမှု စစ်ဆေးချိန်တွင် မိသားစုက လာရောက်နားထောင်ခွင့် ရရှိနိုင်ရေး ပြီးခဲ့သည့် ရုံးချိန်း၌ ရှေ့နေများက တရားရုံးတွင် တင်ပြခဲ့သည်။

တရားစီရင်ရေးမူအရ အများပြည်သူရှေ့မှောက်တွင် စစ်ဆေးရမည်ဖြစ်ပြီး ယခုအမှုများကိုလည်း Open Court အဖြစ် မှတ် ယူကြောင်း၊ ယင်းအတွက် အခြေအနေအရ အကျဉ်းထောင်အတွင်း စစ်ဆေးနေရသော်လည်း လာသင့်သူများကို လာ ရောက်ခွင့်ပြုရန် ပြီးခဲ့သည့် ရုံးချိန်း၌ သက်ဆိုင်ရာ တရားသူကြီးများက လက်ခံခဲ့ကြောင်း သိရသည်။

သို့သော် ယနေ့ရုံးချိန်း၌ အချုပ်ထောင်သို့ သွားရောက်ခဲ့သော်လည်း ခွင့်ပြုချက် မရသေးဟုဆိုကာ တွေ့ ခွင့်မရခဲ့ကြောင်း
ဦးသန့်ဇင်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင်က ပြောပြသည်။

“မိသားစုက တွေ့ချင်တာပေါ့။ တွေ့ ခွင့်က မရသေးဘူးလေ။ ခုက ကိုယ့်ရှေ့နေတွေ ပြောမှ သူတို့ နေကောင်းတယ် ဆိုတာ သိရတာ”ဟု ဒေါ်ချိုချိုအောင်က ပြောသည်။

လာမည့် ရုံးချိန်းအဖြစ် ဧပြီလ ၂၉ရက်နေ့သို့ ချိန်းဆိုထားပြီး တရားလိုပြသက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမတ်နှစ်ဦး၏ အမှုကို ၆လအတွင်း အပြီးစစ်ရန် စီစဉ်ထားပြီး တရားလိုပြ သက်သေများကို ရုံးချိန်း ၄ ခု အတွင်း အပြီး စစ်ဆေးပြီးနောက် စွဲချက်တင်ခြင်း၊ ယင်းနောက် တရားခံပြ သက်သေစာရင်း တင်သွင်းခြင်းနှင့် စစ်ဆေးခြင်းများကို ၅၅ ရက်အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ဒုတိယအကြိမ် ရုံးထုတ်

အာဏာသိမ်း စစ်ကောင်စီ ဖိနှိပ်မှုကြောင့် မုံရွာဂေဇက် သတင်းဌာန ရပ်နား

EU အရေးယူမှုမှ စစ်ကောင်စီ နောက်လိုက် အချို့ကင်းလွတ်နေ

Loading