ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် NLD ပါတီ၏ နေပြည်တော် ကောင်စီ နယ်မြေ ဥက္ကဌ ဖြစ်သူ ဦးမင်းသူကို ယနေ့ ဧပြီလ ၂၃ ရက်နေ့ရုံးချိန်းတွင် ၎င်းအမှုအတွက် လိုက်ပါဆောင်ရွက်ခွင့် ရရှိရန် ရှေ့နေများက ပါဝါ တင်ခဲ့ကြောင်း သိရ သည်။
ဦးမင်းသူကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော် လည်း နေပြည်တော် အချုပ်ထောင်တွင်သာ ယာယီ တရားရုံး ပြုလုပ်၍ ရုံးထုတ်ခဲ့သည်။
ဦးမင်းသူ၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတဦးက“ဦးမင်းသူကို ပါဝါတင်တယ်။ ရုံးထုတ်တယ်ပေါ့။ အချုပ် ထောင် ယာယီ တရားရုံးမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ရုံးချိန်းတွင် ဦးမင်းသူဘက်မှ အမှုလိုက်ပါဆောင်ရွက်မည့် ရှေ့နေများအဖြစ် နေပြည်တော်မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် အပါအဝင် ရှေ့နေ ၇ ဦးက ပါဝါတင်ခဲ့ကြသည်။
ပြီးခဲ့သည့် ရုံးချိန်းများတွင် ဦးမင်းသူထံမှ ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိရေးအတွက် ဦးစွာ ဆောင်ရွက်ခဲ့ရသည်။
ထို့ကြောင် လက်ရှိအချိန်အထိ အမှုနှင့်ပတ်သက်၍ တရားလို၊ သက်သေ စသည့် တဦးတယောက်မျှ စစ်ဆေးနိုင်ခြင်း မရှိ သေးပါ။ လာမည့် ရုံးချိန်းကို မေလ ၅ ရက်သို့ ချိန်းဆိုထားသည်။
ဦးမင်းသူသည် အစိုးရ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာအောင် လှုံ့ဆော်ကြိုးပမ်းသည်ဟုဆိုကာ စစ်ကောင်စီက စွပ်စွဲပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်တခု၌ ဖမ်းဆီးခဲ့ပြီး ပုဗ္ဗသီရိ မြို့နယ် ပတ္တာရဲစခန်းတွင် ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သည်။
ယင်းနောက် နေပြည်တော် အချုပ်ထောင်တွင် ချုပ်နှောင်ထားခဲ့ပြီး ယနေ့အထိ မိသားစုနှင့် တွေ့ ခွင့်မပေးခဲ့ပေ။
ဦးမင်းသူအပြင် နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်နှစ်ဦးဖြစ်သည့် ဦးကျော်မင်းလှိုင်နှင့် ဦးသန့်စင် ထွန်းတို့လည်း ၅၀၅ (က)ဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး နေပြည်တော် အချုပ်ထောင်၌ပင် ရုံးတင် စစ်ဆေးနေသည်။
နေပြည်တော်မှာ NLD ပါတီဝင်တဦးဖြစ်သူ အမျိုးသား လွှတ်တော်အမတ် ဦးမောင်မောင်ဆွေမှာလည်း ပြင်ဦးလွင်မြို့သို့ မိသားစုနှင့်အတူ တိမ်းရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ယခုနေ့တိုင် ရုံးထုတ် စစ်ဆေးခြင်း မရှိသေးပေ။
You may also like these stories:
မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN
စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အင်တာပိုရဲတပ်ဖွဲ့ ထံ NUG တောင်းဆို