သတင်းတို

စစ်ကောင်စီကို တော်လှန်သူများနှင့် မပူးပေါင်းရန် ကလေးမြို့ လုပ်ငန်းရှင်များ ဖိအားပေးခံနေရ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်များကို ပြန်လည်ခုခံ တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မပူးပေါင်းရန် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ လုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူဖိ အားပေးလျက်ရှိကြောင်း သိရသည်။

မနေ့က စစ်ကောင်စီက ကလေး ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ မြို့မိမြို့ဖများ၊ ဟို တယ်များ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အသားလိုင်စင်ဆိုင်များစသည့် လုပ်ငန်းရှင် ၅၀ ခန့်ကို ဖိတ်ခေါ် ပြီး အထက်ပါအတိုင်း ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

“ပြန်ခုခံနေတဲ့ အဖွဲ့အစည်းတွေနဲ့ မပူးပေါင်းဖို့ အခုလို ပြန်လည်ခုခံနေတာဟာ မြို့အထိနာနိုင်တယ်ဆိုပြီး ခေါ်ပြောတာ”ဟု အစည်းအဝေး တက်ရောက်ခဲ့သူ လုပ်ငန်းရှင်များနှင့် နီးစပ်သူ ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ စစ်တပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ စစ်ဘက်ဆိုင်ရာ အရာရှိများက ဦးဆောင်၍ ဖိအားပေး ပြောဆိုခြင်း ဖြစ်ပြီး တဖက်တွင်လည်း နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း၊ လုပ်ငန်းများလည်း ပုံမှန် ဖွင့်လှစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ကလေးမြို့ ဒေသခံများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်ရှိ ဈေးဆိုင်အများစုမှာ နေ့လည် ၁၂ နာရီထိသာ ဖွင့်လှစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ကလေးမြို့ သည် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို အရင်ဆုံး ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့် မြို့တမြို့ ဖြစ်ပြီး မတ်လ ကုန်ပိုင်းမှ စတင်ကာ မြို့ပေါ်တွင် ခံတပ်များ တည်ဆောက်၍ ခုံခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဧပြီလသို့ ရောက်လာသည့်အခါ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ကလေးမြို့ပေါ်ရှိ ခံတပ်များကို စတင် ဖြိုခွင်းခဲ့ပြီး ဧပြီလ ၇ ရက်နေ့တွင် ကလေးမြို့ ၊ တာဟန်း ရပ်ကွက်ရှိ တာဟန်းခံတပ် ဖြိုဖျက်ခံခဲ့ရပြီး ဒေသခံလူငယ်များ အသက် ဆုံး ရှုံးခဲ့ရသည်။

ကလေးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြရင်း၊ စစ်ကောင်စီ လက်နက်ကိုင်တပ်များကို ရရာ လက်နက် ဖြင့် တော်လှန်ရင်း သေဆုံးခဲ့ရသူ ၃၀ ဝန်းကျင်ခန့်ရှိပြီး အဖမ်းခံရသူများမှာလည်း တရားရုံးတွင် ရုံးတင်စစ်ဆေးခံနေရသည်။

You may also like these stories:

မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN

စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို

အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

Loading