ပြည်မြို့ အခြေစိုက် လက်ရုံးတပ်တခု ဖြစ်သည် လျှပ်စစ်နှင့်စက်မှု အမှတ် ၉၅၉ တပ်မှ စစ်သား ၃ ဦး မနေ့က မနက် အစော ပိုင်းက လက်နက်များ ယူဆောင်၍ ထွက်ပြေးသွားပြီးနောက် ယနေ့ မနက်ပိုင်းတွင် ပြည်မြို့ ၌ နေရာတိုင်းတွင် ရှာဖွေ စစ် ဆေးမှုများကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက ပြုလုပ်နေကြောင်း သိရသည်။
“စစ်သား ၃ ယောက် ထွက်ပြေးတာ လက်နက်တွေပါ ပါသွားတယ်။ ကိုယ်ကိုင်တဲ့ သေနတ်ကို ကိုယ်ယူပြေးတဲ့ သဘောပဲ။ မနေ့က မနက် အစောပိုင်းမှာ ဖြစ်တာ။ အဲဒီတပ်က ထောက်ပံ့တပ်လိုမျိုးပေါ့။ တိုက်ခိုက်ရေးတပ်တော့ မဟုတ်ဘူး”ဟု ပြည်မြို့ခံတဦးက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ပြည်မြို့တွင် မနေ့က ညပိုင်းက ရပ်ကွက်တချို့ ၌ ဧည့်စာရင်း ဝင်စစ်ခဲ့ပြီး မနေ့က ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် လမ်းဆုံလမ်းခွများတွင် လူ၊ ဆိုင်ကယ်၊ ကားပါမကျန် အလွတ်မပေးဘဲ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ပြည်အခြေအနေက မနေ့က ညနေကနေစပြီး လမ်းဆုံ လမ်းခွတွေရော၊ ကားတွေရော၊ လူတွေရော၊ ဆိုင်ကယ်တွေရော အကုန်စစ်တယ်။ သူတို့ဟာသူတို့ တပ်ပျက်နေတာ။ ဒီနေ့ဆို ပိုဆိုးလာတယ်။ နေရာတိုင်း လိုလိုမှာ စစ်တယ်”ဟု ပြည်မြို့ ခံက ပြောပြသည်။
ပြည်မြို့ ရှိ ရဲစခန်းရှေ့ နာရီစင်နား၊ မြို့ သစ်၊ ဆေးရုံကြီးနား၊ မြို့သစ်ဈေးရှေ့တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းလုပ်ရပ်ကို လက်မခံကြောင်း ဆန္ဒပြသည့် မြို့များထဲတွင် ပြည်မြို့သည် အတက်ကြွ ဆုံး ပါဝင်ခဲ့သည့် မြို့တမြို့ ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅ ဦးခန့် အဖမ်းခံရခြင်း၊ ဆန္ဒပြပွဲများ မလုပ် နိုင်ရန် အဘက်ဘက်မှ ပိတ်ဆို့လာခြင်းတို့ကြောင့် လမ်းပေါ်တက် ဆန္ဒပြခြင်းများ ယာယီ ရပ်နားခဲ့ရသည်။
သို့သော် နောက်ပိုင်းတွင် အခြေအနေပေးရင် ပေးသလို ပျောက်ကြားသပိတ်များ ဆင်နွဲလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
You may also like these stories:
ကျိုက်ကော်တွင် KNU နှင့် အာဏာသိမ်းတပ် ပစ်ခတ်မှုဖြစ်
စစ်ကောင်စီကို ဘယ်လိုချေမှုန်းကြမလဲ
ဆန္ဒပြပွဲများကို စောင့်ကြည့်ရန် တရုတ်လုပ် ဒရုန်းများ သုံးခဲ့သည်