ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မေလ ၂ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်မှ သေဆုံးသူ ၉ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
မေလ ၂ ရက်နေ့ ညပိုင်းက ဟားခါးမြို့ အမှတ် ၆၄၅ တပ်ရင်းအနီးရှိ ကျောဘုတ်ဂိတ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ် ကောင်စီတပ်ဘက်မှ ၄ ဦး၊ မေလ ၃ ရက်နေ့ ညပိုင်းက ဟားခါးမြို့ ၆ လမ်းဆုံတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်မှ ၄ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ကြောင်း ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)က သတင်းထုတ်ပြန်ထားသည်။
မေလ ၄ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်ကလည်း ဟားခါးမြို့ အင်းဝဘဏ်အနီး BOC ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဘက်မှ တဦး ထပ်မံသေဆုံးခဲ့ကြောင်း ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)က ပြောသည်။
“မနေ့က ည ၈ နာရီခွဲလောက်မှာ စဖြစ်တယ်။ ပစ်ခတ်သံ ၁၅ ချက်၊ အချက် ၂၀ လောက် ကြားတယ်။ ထိခိုက်မှုက တပ် ဘက်က ၁ ယောက် ကျတယ်။ ညမီးပျက်နေတဲ့ အချိန် အဲဒီနေရာကို သွားတိုက်ကြတာ။ ကျနော်တို့ ဘုရားကျောင်းနား လေးမှာပဲ”ဟု ဟားခါးဒေသခံတဦးက ပြောသည်။
အင်းဝဘဏ်သည် လမ်းဆုံကျသည့် နေရာတခု ဖြစ်ကြောင်း၊ ယင်းနေရာအနီးတွင် စစ်တပ်က စခန်းချနေရာယူထားသဖြင့် သွားရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ သို့သော် ယနေ့ နံနက်ပိုင်းတွင် လမ်းပိတ်ဆို့ထားခြင်းမျိုး မရှိဘဲ လမ်းသွား၊ လမ်း လာများ ပုံမှန် ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
မေလ ၃ ရက်နေ့ ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ၆ လမ်းဆုံ ဆိုသည်မှာလည်း ဟားခါးတွင် မြေပြိုသဖြင့် ထပ်မံ တိုးချဲ့ထားသည့် နေရာတခု ဖြစ်ပြီး ယင်းနေရာမှ ချင်းပြည်နယ် ဖလမ်းဘက်၊ ကလေးမြို့ နှင့် တောင်ခရမ်းဘက်သို့ သွားသည့် လမ်းဆုံးနေရာတွင် စစ်တပ်က လုံခြုံရေး ရယူထား၍ သွားရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
ထို့ပြင် မေလ ၃ ရက်နေ့က ညနေ ၄ နာရီခန့်က ဟားခါးမြို့ ရှိ အမှတ် ၆၄၅ ခြေလျင် တပ်ရှိသည့် ကျော်ဘုတ် အောက် ဘက်ဂိတ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄ ဦး ကျဆုံးကြောင်း သိရသည်။
မေလ ၂ ရက်နေ့ကလည်း ယင်းကျောဘုတ်ဂိတ်နေရာတွင်ပင် ည ၇ နာရီနောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ ဘက်မှ ၄ ဦး သေဆုံးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ဟားခါး)က ထုတ်ပြန်ထားသည်။
ဟားခါးမြို့ တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီပိုင် သတင်းစာများတွင် တစုံတရာ ထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိသေးပါ။
You may also like these stories:
မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ
စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း
ဒါက နောက်တကြိမ် အာဏာသိမ်းမှုသက်သက် မဟုတ်ဘူး