မန္တလေး အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် အလုပ်သမားဆေးရုံရှေ့တွင် ရောက်ရှိနေသော အမျိုးသမီးတဦးမှာ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၆၆ လမ်းအတိုင်း မောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ကောင်စီ တပ်ဖွဲ့များက တားဆီးရာ မရပ်သဖြင့် ပစ်ခတ်ရာမှ ဆိုင်ကယ်ကို မထိဘဲ ဆေးရုံရှေ့တွင် ရောက်ရှိနေသော အမျိုးသမီးတဦးနှင့် အမျိုးသား တဦးကို ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဆေးရုံရှေ့တွင် ကားရပ်ပြီး စောင့်ဆိုင်းနေသော အမျိုးသမီးမှာ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးသွားပြီး ယာဉ် မောင်းမှာလည်း ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ဒေသခံ တဦးက “ဆိုင်ကယ်ကို စစ်မလို့ တားတာကို မရပ်ပေးလို့ ဆိုပြီးလှမ်းပစ်တာ ဆိုင်ကယ်ကို မထိဘဲ အနားမှာ ရပ်ထား တဲ့ ကိုဗစ်ကာကွယ်ဆေး လာထိုးတဲ့ ကားပေါ် အနောက်ခန်းမှာ ထိုင်နေတဲ့ အမျိုးသမီးကို ထိသွားတာ သူကတော့ ဆုံးတယ်။ ကားမောင်းသူကတော့ ရှပ်ထိ ဒဏ်ရာရထားတယ်” ဟု ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလ ၄ ရက်အထိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၇၆၉ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
တရားမဝင် ဂြိုဟ်တုစလောင်း သုံးပါက ထောင်ဒဏ် ငွေဒဏ်ချမည်ဟု စစ်ကောင်စီကြေညာ
ထီးလင်း ခုခံပစ်ခတ်မှုကို အာဏာသိမ်းတပ် စစ်ကူအားများသုံး၍တိုက်နေ