စစ်ကိုင်းတိုင်း၊ ကနီမြို့ အထက်ပိုင်းသို့ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ရေယာဉ် ၂ စီးဖြင့် သွားနေသည့် စစ်ကောင်စီ လက် နက်ကိုင်တပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များကြား ယနေ့ နေ့လယ် ၁၂ နာရီခန့်က ရေကြောင်းထဲတွင် တိုက်ပွဲ ဖြစ်ပွားရာ ရေယာဉ်တစီးကို ပြည်သူများဘက်က ရယူထားကြောင်း သိရသည်။
ကနီမြို့နယ်၊ ကင်းရွာ၊ အထက်ကင်းရွာ၊ မိကျောင်းကွင်း၊ ဘင်ရွာ စသည်ရွာနှင့် ထိစပ်သည့် နေရာများတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပြီး စစ်ကောင်စီ လက်နက်ကိုင်တချို့ကိုလည်း ဒေသခံများဘက်မှ ဖမ်းမိထားကြောင်း ကနီ ဒေသခံတဦးက ပြောသည်။
ဒေသခံများဘက်က စစ်ကောင်စီ လက်နက်ကိုင် ၇ ဦး ဖမ်းမိထားကြောင်း၊ အရာရှိ တဦးပါကြောင်း ပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ထို့ပြင် နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိ၊ မရှိလည်း အသေးစိတ် မသိရသေးပါ။
“ကင်းရွာဘက်မှာ ဖြစ်နေတယ်။ ကင်းရွာဆိုတာ ချင်းတွင်းမြစ်ရဲ့ ဘေးမှာ ရှိတယ်။ နေ့လယ် ၁၂ နာရီမှာ စဖြစ်တယ်။ ချင်း တွင်းမြစ်ထဲမှာ စစ်တပ်က လက်နက်၊ ခဲယမ်းတွေသယ်လာတဲ့ အမြန်ရေယာဉ် သဘောၤ ၂ စီးနဲ့ ရေကြောင်းလမ်းပေါ်မှာ ထိပ်တိုက်ဆုံတယ်။ ဒီဘက်ကလည်း ကာကွယ်ရေးအဖွဲ့တွေက ပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုတွေက ချင်းတွင်းမြစ် ထဲမှာ ရေကြောင်းထဲမှာ ဖြစ်နေကြတာ”ဟု ကနီဒေသခံက ပြောသည်။
နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်သဖြင့် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ အောင်စုမွန်ဆိုသည့် ရေယာဉ်တစီးကို ငှားရမ်းလာပြီး စစ်သား ၅၀ ခန့်ဖြင့် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။
“သူတို့ဘက်က အင်အားအပြည့်နဲ့ ထပ်ရောက်လတော့ တောင်ကိုးလုံးရွာနားလေးမှာ တိုက်ပွဲထပ်ဖြစ်တယ်။ ဒီနေ့က လေ တွေ မိုးတွေ အရမ်းကျနေတယ်။ ဖြစ်တာကတော့ အခုထိကို မရပ်သေးဘူး”ဟု ဒေသခံတဦးက ယနေ့ ညနေပိုင်းတွင် ပြော သည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်း မြို့နယ်တို့ရှိ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းရှိ ကားလမ်းပေါ်တွင် စစ်ကောင်စီ ၏ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေးအတွက် စုဖွဲ့ထားသည့် ကနီဒေသကာကွယ်ရေးအဖွဲ့တို့ကြား ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အထိ ဖြစ်သည်။
တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။
ကနီဒေသတွင် ယခုလို တိုက်ပွဲများ ပေါ်ပေါက်လာရခြင်းမှာ မုံရွာမြို့တွင် ဆန္ဒတက်ပြရင်း အဖမ်းခံရသည့် လူငယ်တဦးကို ကလေးဝဘက်သို့ ပြောင်းရွေ့မည်ဆိုသော သတင်းနှင့် ကနီမြို့ကို လုံခြုံရေးအင်အား တိုးမြင့်ရန် စစ်ကောင်စီက ရိက္ခာနှင့် လက်နက်များ ပေးပို့မည်ဆိုသော သတင်းကြောင့် ဧပြီလ ၁၅ ရက်နေ့မှ စတင်ကာ ဒေသခံများက မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်သို့ တက်၍ ကားများကို တားဆီး စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးနေစဉ် ဧပြီလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လင်မယား ၂ ယောက် စီးနင်းလာသည့် ဟွန်ဒါဖစ်ကားတ ဦးကို ဒေသခံများက အစစ်ဆေးခံရန် တားဆီးသည့်အခါ အစစ်မခံဘဲ နောက်ပြန်လှည့် မောင်းပြေးကြောင်း၊ ဒေသခံများက ဆိုင်ကယ်များဖြင့် လိုက်သည့်အခါ ကားမောင်းလာသူက သေနတ်ထုတ်၍ ပြန်ပစ်ခဲ့ကြောင်း သိရသည်။
ဒေသခံများဘက်မှ ထိခိုက်မှု မရှိသော်လည်း အင်အားများလာသဖြင့် ကားမောင်းလာသူ လင်မယားမှာ ကားကို ရပ်ပြီး နောက် တောထဲသို့ ဆင်းပြေးခဲ့ကြောင်း၊ ကျန်ခဲ့သည့်ကားကို ဒေသခံများက မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ယင်းကားမောင်းသူများ စစ်တပ်မှ ဗိုလ်မှူးတဦး ဖြစ်ကြောင်း သိရှိရပြီး ယင်းသတင်းကို ရရှိသည့် မုံရွာဘက်မှ စစ်ကောင်စီ က လက်နက်ကိုင်တပ်များကို စေလွှတ်လိုက်သဖြင့် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ကာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး
ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းက ရုံးထုတ်သော်လည်း ရှေ့နေဖြင့် တွေ့ခွင့်မပြု
ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်