ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့နံနက် ၅ နာရီဝန်းကျင်၌ မမုံစံပြကျေးရွာရှိ အိမ် ၃ အိမ်ကို စစ်တပ်နှင့် ရဲက ဝိုင်းဝန်းပိတ်ဆို့ပြီး နေအိမ်များအတွင်းမှ အရပ်သား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
စစ်တပ်နှင့်ရဲက ကား ၁၀ စီးဖြင့် မမုံစံပြကျေးရွာအတွင်း ဝင်လာပြီး အိမ် ၃ အိမ်ကို စီးနင်းကာ ထိုကဲ့သို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့သလို နေအိမ်များအတွင်းမှ ပစ္စည်းများကိုလည်း သိမ်းဆည်းသွားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။
ဒေသခံတဦးက “အိမ် ၃ အိမ်ထဲမှာ တအိမ်က အပေါင်ဆိုင်၊ အပေါင်ဆိုင်ပိုင်ရှင် ဦးကျော်လင်းကို လာဖမ်းတာ မတွေ့လို့ သူ့သမီးနဲ့ မိန်းမကို ဖမ်းသွားတယ်။ နောက်ပြီးတော့ ကျန်တဲ့ ၂ အိမ်က လူတွေကို ဝင်ဖမ်းတာ။ ဒလန်ကပြလို့ အတိအကျကို လာဖမ်းတာ။ အားလုံးပေါင်း ၁၀ ဦး။ သူတို့ အကုန်လုံး အခု ဖားကန့် ရဲစခန်းမှာ ဖမ်းထားတယ်” ဟု ပြောဆိုသည်။
ဧရာဝတီက ဖားကန့်မြို့နယ်၊ ရဲတပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်ခြင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ပြုလုပ်ခြင်း ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံနေသူများကိုသာ ဖမ်းဆီးခြင်းဖြစ်ပြီး ပြစ်မှု မကျူးလွန်ထားသူများကို ဖမ်းဆီးခြင်း မရှိပါဟု တုန့်ပြန်ပြောဆိုသည်။
ဖားကန့်မြို့နယ်အတွင်း အရပ်သားများသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်မှစ၍ ယနေ့ထိတိုင် နေ့စဉ် ရပ်ကွက်၊ ကျေးရွာအလိုက် စုဝေးပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်လျက် ရှိသည်။
ဆန္ဒပြရာတွင် လူအင်အား ရာနှင့်ချီ နေ့စဉ် စုဝေးကာ လှည့်လည်ကြပြီး စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း၊ စစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံနိုင်ကြောင်း၊ NUG ကိုသာ အစိုးရအဖြစ် အသိအမှတ်ပြုကြောင်းနှင့် စစ်တပ်ကိုလည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တိုက်ခိုက်ပေးရန် ကြွေးကြော်ကြသည်။
ယနေ နံနက်ပိုင်းတွင်မူ အရပ်သား နေအိမ် ၃ အိမ် ဝင်ရောက် စီးနင်းခံရပြီး စစ်တပ်နှင့်ရဲက မြို့တွင်း စောင့်ကြည့်နေသည့် အနေအထားရှိနေသဖြင့် ဖားကန့်လူထုသည် သပိတ်စစ်ကြောင်းကို လူအများဖြင့် စုဝေးခြင်း မပြုလုပ်ဘဲ ပြောက်ကျားသပိတ် ပြုလုပ်ကာ ဆက်လက် ဆန္ဒပြလျက်ရှိသည်။
You may also like these stories:
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး